28 February 2016

တုံယမ်းကြက်တောင်ပံကင်


Tom Yum Chicken Wings
 ❀ ❀ ❀

ကြက်ကင်နှင့်ကြက်တောင်ပံကင်တို့ကိုအရသာအမျိုးမျိုးပြုလုပ်ကြတဲ့အထဲကတုံယမ်းအရသာချဉ်ငံစပ်ဖြင့်ကင်ထားတဲ့တုံယမ်းကြက်တောင်ပံကင်လေးဘဲဖြစ်ပါတယ်။အစာပြေစာအကင်အဖြစ်စားနိုင်သလိုဟင်းပွဲအနေဖြင့်လည်းတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (တစ်ပွဲစာ)
*********
ကြက်တောင်ပံ - ငါးချောင်း
တုံယမ်းအနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
စပါးလင် - တစ်ချောင်း
ရှောက်ခါးရွက် - နှစ်ရွက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်တောင်ပံကိုရေဆေးသန့်စင်ပြီးမီးဖိုချောင်သုံးစက္ကူဖြင့်ခြောက်သွေ့အောင်ပြုလုပ်ထားပါ။စပါးလင်နှင့်ရှောက်ရွက်ကို ပါးပါးစိတ်ပြီးထောင်းထားပါ။
(၂)ခြောက်သွေ့ပါကတုံယမ်းအနှစ်ခရုဆီ စပါးလင်ရှောက်ရွက်ထောင်းထားသည်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပြီးလျှင်ရေခဲသေတ္တာတွင်မိနစ်၃၀မှတစ်နာရီထိအရသာဝင်အောင်နှပ်ထားပေးပါ။
(၃)ovenကို၂၀၀ဒီဂရီအပူပေးထားပါ။အရသာနယ်နှပ်ထားသောကြက်တောင်ပံကိုဆီသုတ်ထားသောဘမ်းသို့မဟုတ်ဇကာပေါ်တင်ပြီး၂၅ မိနစ်ခန့်ကင်ပေးပါ။
(၄)ကင်နေစဉ်တွင်အရောင်ညီစေရန်အထက်အောက်လှန်ပေးပါ။
(၅)လိုချင်သောအရောင်အနေအထားရပါကကြက်တောင်ပံကင်နူးမနူးစစ်ကြည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..............
Sofia
http://sofiafoodparadise.blogspot.com

မုန်လာဥ>>ခါကြက်ဥဟာလဝါ



Carrot halwa >> Gajar halwa

အိန္ဒိယအချိုပွဲတခုဖြစ်တဲ့ခါကြက်ဥဟာလဝါလေးဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီးအရသာထူးခြားကောင်းမွန်လှပါတယ်။လွယ်ကူတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ပြု လုပ်ပြီးအချိုပွဲတည်ခင်းနိုင်ဖို့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ခါကြက်ဥမုန်လာဥ - ၃တောင့် ၄၅၀ ဂရမ်
သကြား - ၅၀ ဂရမ်
နို့ဆီ - ၅၀ ဂရမ်
နွားနို့ - ၁၀၀ ml
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဖာလာစေ့ - ၃စေ့
စပျစ်ခြောက် / သီဟိုဠ်စေ့ - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)မုန်လာဥကိုရေဆေးသန့်စင်ပြီးအခွံသင်ကာအမျှင်လေးများခြစ်ထားပါ။
(၂)အောက်ခြေထူသောအိုးတခုတွင်ထောပတ်ကိုအပူပေးပြီးဖာလာစေ့ကိုဆီသပ်ပါ။
(၃)မုန်လာဥခြစ်ထားသည်ကိုထည့်ပါ။မုန်လာဥကိုထောပတ်ဖြင့်အရောင်ပြောင်းလာသည်ထိကြော်ပေးပါ။
(၄)မုန်လာဥစိမ်းနံ့ပျောက်ပါကသကြားနို့ဆီနှင့်နွားနို့ထည့်ပြီးခမ်းပြီးခြောက်ကာဆီပြန်လာသည်ထိမွေပေးပါ။
(၅)ဆီပြန်ပြီးလုံးလာပါကစပျစ်ခြောက်သစ်သီးခြောက်နှစ်သက်ရာထည့်ပြီးမီးဖိုမှချကာအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ပြုလုပ်ပြီးရေခဲသေတ္တာတွင်တပတ်ခန့်သိမ်းဆည်းထားနိုင်သည်။
.............
Sofia
http://sofiafoodparadise.blogspot.com

26 February 2016

ငါးမုန့်ခြောက်


Fish Cracker>>Prawn Cracker
Krupuk
❀ ❀ ❀

ငါးမုန့်ပုဇွန်မုန့်ခြောက်တွေကိုတော့နေရာတိုင်းလိုမှာအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။မေးလာတဲ့သူတွေလည်းရှိလို့ပထမအကြိမ်စမ်းသပ်ပြုလုပ်ရာမှာအတော်လေးအဆင်ပြေပါတယ်။
ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ပြုလုပ်ရလည်းလွယ်ကူပြီးဝါသနာရှင်အိမ်ရှင်မများအနေနဲ့ကိုယ်တိုင်ပြုလုပ်ပြီးအိမ်သားများကိုတည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငါးဖယ်ခြစ်/ပုဇွန် - ၂၀၀ ဂရမ်
သာကူမှုန့် / ပလောပီနံမှုန့် - ၁၀၀ ဂရမ်
ဂျင်းရည် - အနည်းငယ်
ဆား - လ္ဘက်ဇွန်း တဇွန်း
ဟင်းခပ်မှူန့် - တဇွန်း
ငရုပ်ကောင်းဖြူ - တဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ငါးဖယ်ခြစ်သို့မဟုတ်ပုဇွန်သို့မဟုတ်နှစ်သက်ရာငါးကိုအရိုးထွင်ပြီးကြိတ်ထားပါ။
(၂)ကြိတ်ထားသောငါးဖယ်ခြစ်ထဲသို့သာကူမှုန့်ဆားငရုပ်ကောင်းဂျင်းရည်ဟင်းခပ်မှုန့်တို့ကိုထည့်ပြီးသမအောင်နယ်ပါ။
(၃)ငါးမုန့်အရောကိုချောမွေ့လာသည်ထိနယ်ပေးပါ။နယ်ချိန်တွင်အလွန်ခြောက်နေလျှင်လက်ကိုရေစိုရုံစွတ်ပြီးနယ်ပေးပါ။
(၄)ချောမွေ့ပါကလိုချင်သောငါးမုန့်အရွယ်အစားကိုလိမ့်ပေးပြီးဆီလူးထားသောဘမ်းတွင်ထည့်ကာပေါင်းခံအိုးဖြင့်တနာရီခန့်ကျက်သည်ထိပေါင်းပါ။
(၅)မုန့်နှစ်ကျက်မကျက်ကိုဓားဦးချွန်ဖြင့်ထိုးကြည့်ပြီးကြည့်ပါ။ကျက်လျှင်အရောင်ပြောင်းပြီးမာတင်းကာမုန့်နှစ်ကပ်မပါလာပါကထုတ်ယူပြီးအအေးခံပါ။
(၆)ပေါင်းထားသောငါးမုန့်ကိုလုံးဝအေး သွားအောင်ရေခဲသေတ္တာတွင်တညသို့ မဟုတ်နာရီပိုင်းခန့်ထားပြီးအေးသွားသောငါးမုန့်မာတင်းတင်းကိုဓားထက်ထက်ဖြင့်ခပ်ပါးပါးလှီးပါ။2mmအရွယ်အပါးလောက်လှီးပါ။
(၇)ပါးပါးလှီးထားပြီးသောငါးမုန့်ကိုဘမ်းတခုဖြင့်ထည့်ပြီးနေလှန်းပါ။တနေလှန်းလျှင်ရပါပြီ။
(၈)နေပူလှန်း၍မရသောသူများအတွက်ovenအပူ၁၀၀ခန့်တွင်ဆယ်မိနစ်တခါအ ထက်အောက်လှည့်ပြီးခြောက်အောင်ပြုလုပ်ပါ။သို့မဟုတ်ပူနွေးသောနေရာတွင်လေသလပ်စေပြီးခြောက်သွေ့အောင်ပြုလုပ်ပါ။
(၉)လုံးဝခြောက်သွေ့သွားမှသာလျှင်လိုသလောက်ကိုဆီပူတွင်ချကြော်ပြီးကျန်ရှိသည်ကိုခြောက်သွေ့သောဘူးပုလင်းတို့ဖြင့်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
❀❀အသုံးပြုသောငါးအမျိုးအစားပေါ်မူတည်၍ငါးမုန့်အပွအနေအထားကွာခြားနိုင်ပါတယ်။ယခုပြုလုပ်ထားသည်မှာကကတစ် seabassအမျိုးအစားဖြစ်ပါတယ်။
❀❀ယခုပြုလုပ်နည်းကိုအခြေခံပြီးအရသာကိုမိမိနှစ်သက်သလိုပြင်ဆင်ပြုလုပ်နိုင်ပါတယ်။အရောင်ဖြင့်ပြုလုပ်လိုပါပေါင်းထွက်လာသောငါးမုန့်ကိုစားဆေးအရောင်food color ဖြင့်လူးပေးပြီးအအေးခံလှီးနိုင်ပါတယ်။
❀❀ပြုလုပ်သောအရွယ်ပေါ်မူတည်ပြီးပေါင်းချိန်၄၅မိနစ်မှတနာရီကြာမြင့်မှာဖြစ်ပါတယ်။
❀❀အထက်ပါအချိုးဖြင်ြ့ပုလုပ်ပါကငါးမုန့်ခြောက်တဆယ်သားပိုပို၁၇၀ဂရမ်ရရှိမှာဖြစ်ပါတယ်။
.................
Sofia
http://sofiafoodparadise.blogspot.com

24 February 2016

ယိုးဒယားတုံယမ်းအနှစ်ပြုလုပ်နည်း


Tom Yam Paste

ယိုးဒယားတုံယမ်းအနှစ်ရှိလျှင်ဟင်းအမယ်တော်တော်များများကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။မြို့ကြီးပိုင်းမှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့အချို့ဒေသမှာတော့ရဖို့ခက်ပါတယ်။ဒီနည်းလေးကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဆရာသင်ပြပေးခဲ့တဲ့နည်းဖြစ်ပါတယ်။
တုံယမ်းအနှစ်ကတော့ဆိုင်ရောအိမ်မှာပါအသုံးဝင်လှတဲ့ဟင်းချက်အနှစ်ဖြစ်ပြီးဆိုဖီယာရဲ့ဟင်းပွဲအတော်များများမှာလည်းအသုံးပြုထားလို့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်း
*************
ငရုပ်သီးပွခြောက် - ၁၀၀ ဂရမ်
ငရုပ်သီးအနီ(fresh)-ဆယ်တောင့်
ကြက်သွန်နီဥအသေး - နှစ်လုံး
ကြက်သွန်ဖြူ - ဆယ်မြောင်း
စပါးလင် - နှစ်ချောင်း
ပဒဲကော - တလက်မခွဲ
ရှောက်ခါးရွက် - ငါးရွက်
နံနံစေ့အမှုန့် - တစ်ဇွန်း စားပွဲဇွန်း
ငါးပိ - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - ၅ဇွန်း
မန်ကျည်းမှည့်ရည်/သံပုရာရည် - ၅ဇွန်း
သကြား/ထန်းလျက် - ၃ဇွန်း
ဆီ - ငါးကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ငရုပ်ပွခြောက်ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်နီ၊ပဒဲကော၊စပါးလင်ရှောက်ရွက်တို့ကိုပါးပါးလှီးထားပါ။မန်ကျည်းမှည့်သုံးလိုကရေစိမ်အနှစ်တိုက်ထားပါ။
(၂)ငရုပ်ခြောက်ပွလာပါကရေစစ်ပြီးအသင့်လှီးထားသည်များကိုကြိတ်စက်တွင်ထည့်ပြီးကြေညက်အောင်သည်ထိကြိတ်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ထားသောငရုပ်သီးအနှစ်ကိုထည့်ပြီးဆီသပ်ပါ။ဆီသပ်နံ့မွှေးလာပါကနံနံစေ့အမှုန့်၊ငါးပိ၊ငံပြာရည်အချဉ်ရည်သကြားတို့ကိုထည့်ုပြီးဆီပြန်လာသည်ထိမီးသေးသေးဖြင့်ချက်ပေးပါ။
(၅)ဆီပြန်ပါကမီးပိတ်အအေးခံကာသန့်ရှင်းသောဘူးဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်တာရှည်အသုံးပြုနိုင်ရန်သိမ်းဆည်းထားနိုင်ပြီးမိမိလိုသလောက်ကိုသာဇွန်းသန့်သန့်ဖြင့်ခပ်ယူအသုံးပြုနိုင်ပါပြီ။
❀❀ တုံယမ်းအနှစ်ဖြင့်တုံယမ်းဟင်းချိုချဉ်စပ်ဟင်းချိုခေါက်ဆွဲပြုတ်ခေါက်ဆွဲကြော်ကြာဇံကြော်ထမင်းကြော်အသားကင်အမျိုးမျိုးကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။
❀❀ငါးပိမထည့်လိုပါကငံပြာရည်ကိုပိုသုံးပေးနိုင်ပါတယ်။
❀❀ငရုပ်သီးခြောက်အစားငရုပ်သီးထောင်းကြော်ဖြင့်အစားထိုးနိုင်ပါတယ်။အရောင်အနည်းငယ်ကွဲပြားနိုင်ပါတယ် ။
.....................
Sofia
http://sofiafoodparadise.blogspot.com

သရက်သီးအုန်းနို့ထမင်းရေခဲချောင်း


Coconut & Mango Rice Pudding Ice Pops

ပူအိုက်တဲ့ရာသီရောက်ပြီမို့မိမိသားငယ်သမီးငယ်လေးတွေအတွက်သားရေစာလည်းဖြစ်အာဟာရလည်းဖြစ်စေမဲ့ဆန်အုန်းနို့ရေခဲချောင်းလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။စားနေကျရေခဲချောင်းအရသာနဲ့ကွဲပြားပြုလုပ်ရလွယ်ကူကာသားသားမီးမီးတို့အကြိုက်တွေ့စေမှာအမှန်မို့လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း (ဆယ်ချောင်းစာ)
*********
ဆန် - တခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
ရေ - ၅ခွက်
သကြား - တစ်ခွက်
အုန်းနို့ - ၂၀၀ ml (ဘူးသေးတဘူး)
နွားနို့ - ၂ခွက်
ဆား - အနည်းငယ်
သရက်သီး - တစ်လုံး
စတော်ဘယ်ရီ - ၄လုံး
ခဲထားရန်ပုံစံခွက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)မိမိနှစ်သက်ရာဆန်ချောတခွက်ကိုရေဆေးသန့်စင်ပြီးရေ၅ခွက်နှင့်ဆားအနည်းငယ်ထည့်ကာမီးဖိုတွင်ဆန်နူးအိသည်ထိတည်ပေးပါ။
(ဆန်နူးအိပါကမီးလျှော့ချပြီးမွေတံဖြင့်ကြေအောင်မွေပေးပါအုန်းနို့နွားနို့တို့ကိုထည့်ပြီးကြေအောင်ချေပေးပါ။လိုအပ်ပါကရေအနည်းငယ်ထပ်ထည့်ပြီးကျိုပါ။
(၃)ဆန်စေ့လေးများကြေသွားပါကသကြားထည့်ပြီးမပျစ်မကျဲအနေတွင်မီးဖိုမှချပါ။
(၄)သရက်သီးကိုအတုံးလေးများစိတ်ပြီးထည့်ပါ။စတော်ဘယ်ရီကိုအရောင်အတွက်သာထည့်ထားခြင်းဖြစ်ပါတယ်။
(၅)အားလုံးသမအောင်ရောမွေပေးပြီးခဲမည့်ပုံစံခွက်တွင်ထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်၃နာရီမှလေးနာရီထိခဲပြီးပါကထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀ဆန်စေ့ကိုမိမိနှစ်သက်ရာအနေထားထိခြေပေးပါ။စက်ဖြင့်လည်းခြေပေးနိုင်ပါတယ်။
❀❀အုန်းနို့အစားနွားနို့သရက်သီးအစားနှစ်သက်ရာသီးနှံတို့ကိုအသုံးပြုနိုင်ပါတယ်။
❀❀ပုံစံခွက်မှထုတ်ယူချိန်တွင်ခွက်၏အောက်ခြေဖက်ကိုရေလောင်းပေးပြီးအလွယ်တကူထုတ်ယူနိုင်ပါတယ်။
❀❀အသုံးပြုထားသောခွက်အားလုံးမှာပေါင်းအိုးဆန်ချိန်ခွက်ဖြစ်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

23 February 2016

သီးစုံဒန်ပေါက်


Vegetable Biryani

ဒန်ပေါက်ချက်နည်းအများကြီးရှိတဲ့ထဲကသီးနှံဒန်ပေါက်သတ်သတ်လွတ်ထမင်းလေးကတော့ချက်ရလွယ်ကူပြီးအဆီအစိမ့်နည်းကာစားနေကျနဲ့မတူတမူထူးခြားတဲ့အရသာလေးကိုရရှိစေမှာဖြစ်ပါတယ်။အသားဒန်ပေါက်ချက်နည်းထက်လွယ်ကူသက်သာပြီးသတ်သတ်လွတ်စားသုံးသူများနှင့်အိမ်ရှင်မများနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ချက်ကြည့်ကြ ရအောင်နော်။
ပါဝင်ပစ္စည်း (၁၀ပွဲစာ)
********
ဒန်ပေါက်ဆန်(Basmati) - ၅ခွက် (ဆန်ချိန်ခွက် )
ကြက်သွန်နီဥသေး - ဆယ်လုံး
ခရမ်းချဉ်သီး - နှစ်လုံး အနေတော်
ပြောင်းဖူး - တစ်ခွက်
ပဲစိမ်း - တစ်ခွက်
မုန်လာဥနီ -တစ်ခွက်
အာလူး - တစ်ခွက်
ပန်းပွင့် - တစ်ခွက်
နံနံပင် - လက်တစ်ဆုပ်
ပူစီနံ - လက်တစ်ဆုပ်
သီဟိုစေ့/ စပျစ်ခြောက် - တစ်ခွက်
ကြက်သွန်ကြော် - တစ်ခွက်
ဒိန်ချဉ် - တစ်ခွက်
ရေ - ၉ခွက်
အရောင်တင်မှုန့် - နှစ်ဇွန်း (စားပွဲဇွန်း)
ဒန်ပေါက်မဆလာ - နှစ်ဇွန်း
ဆား - တစ်ဇွန်း
သကြား - တစ်ဇွန်း
ထောပတ် - ခွက်တဝက်
ဆီသပ်ရန်
*******
ဆီ - ခွက်တဝက်
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း (စားပွဲဇွန်း)
သစ်ဂျပိုးခေါက် - ၂ချောင်း
ကရဝေရွက် - ၃ရွက်
ဖာလာ - ၅စေ့
လေးညင်း - ၅စေ့
တွဲဖက်စားရန်အချဉ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာဒန်ပေါက်ဆန်ကိုရေဆေးသန့်စင်ပြီးနာရီဝက်ခန့်ရေစိမ်ထားပါ။
(၂)သီးနှံအားလုံးကိုလိုသလိုအရွယ်လှီးဖြတ်ထားပါ။အာလူးကိုမမည်းအောင်ရေစိမ်ထားပါ။မိမိနှစ်သက်ရာအသီးနှံကိုထည့်နို င်ပါတယ်။ဂျင်းကြက်သွန်ဖြူထောင်းထား ပါ။နံနံပင်ပူစီနံတို့ကိုသန့်စင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကထမင်းချက်မည့်အိုးတွင်ဆီထည့်ပြီးကရဝေးသစ်ဂျပိုးဖာလာလေးညင်းတို့ကိုဆီသပ်ပါ။ဂျင်းကြ က်သွန်ဖြူထည့်ပါ။
(၄)ဆီသပ်နံ့မွေးလာပါကလှီးဖြတ်ထားသောသီးနှံများကိုထည့်ကြော်ပါ။အရောင်တင်ငရုပ်သီးမှုန့်မဆလာထည့်ပါ။ဒိန်ချဉ်ထည့်ပါ။ပူစီနံနှင့်နံနံပင်ထည့်ပါ။
(၅)အားလုံးသမအောင်မွေပေးကာရေစိမ်ထားသောဆန်ကိုဇကာဖြင့်စစ်ပြီးထည့်ပါ။သမအောင်မွေပြီးဆားနှင့်သကြားထည့်ပါ။
ရေ၉ခွက်ကိုချိန်ထည့်ပြီးအရသာအပေါ့အ ငံမြည်းပါ။ဆူပွက်ပါကမီးလျော့ပြီးရေခမ်းချက်ပါ။
(၆)ရေခမ်းပါကကြက်သွန်ကြော်စပျစ်ခြောက်သီဟိုစေ့ကိုထည့်ပြီးမီးကိုအသေးဆုံးထိလျော့ချကာထမင်းနှပ်အောင်ချက်ပြီးမီးပိတ်ထားပါ။
(၇)ထောပတ်ကိုအပူပေးပြီးထမင်းအိုးတွင်အနည်းငယ်ဆီဖြန့်ထည့်ပြီးသမအောင်ဖွဖွမွေပေးပြီးပူစီနံနံနံပင်သေးသေးစိတ်ထည့်ကာသခွားသီးကြက်သွန်နီအချဉ်သုပ်၊သရက်သီးသနပ်သံပုရာသီးသနပ်နှစ်သက်ရာအချဉ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ပေါင်းအိုးဖြင့်ချက်လိုပါကအားလုံးဆီသပ်ပြီးပါကရေမထည့်ခင်ပေါင်းအိုးဖြင့်ပြောင်းပြီးရေထည့်ကာခလုတ်နှိပ်ချက်ပါ။
❀❀မိမိနှစ်သက်ရာသီးနှံအစားထိုးချက်နိုင်ပါတယ်။
❀❀ဒန်ပေါက်ဆန်BasmatiRiceဖြစ်၍ဆန်၅ခွက်လျှင်ရေဆယ်ခွက်သုံးနိုင်ပြီးဒိန်ချဉ်တခွက်စာအတွက်ကိုရေတခွက်လျော့ထားပါ။
❀❀သီဟိုစေ့ကိုထောပတ်ဖြင့်ကြော်ပြီးနောက်ဆုံးမှလဲထည့်နိုင်ပါတယ်။
❀❀ထောပတ်ဖြင့်ထမင်းကိုသမအောင်မွေချိန်တွင်ဆန်လုံးမပျက်အောင်အထူးဂရုပြုပါ။
❀❀ခွက်ချိန်အားလုံးမှာပေါင်းအိုးဆန်ချိန်ခွက်ဖြစ်ပါတယ်။
❀❀ပေါင်းအိုးဆန်ချိန်ခွက်၂ခွက်လျှင်နို့ဆီဘူးတစ်ဘူးနှင့်ညီမျှပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

19 February 2016

အမဲအူစွပ်ပြုတ်

Chinese Beef tripe Soup

အမဲအူသို့မဟုတ်ဆိတ်အူစွပ်ပြုတ်ကိုဟင်းအဖြစ်တည်ခင်းနိုင်သလိုအစာပြေစာအဖြစ်လည်းစားသောက်လေ့ရှိကြပါတယ်။များသောအားဖြင့်ဆောင်းတွင်းအခါမြန်မာပြည်ပွဲဈေးတန်းတွေမှာအများဆုံးရောင်းချလေ့ရှိကြပါတယ်။အခုချက်ထားတာလေးကတော့တရုတ်ချက်နည်းပုံစံလေးဖြစ်ပါတယ်။ချက်ကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲအူ/ဆိတ်အူ - ၅၀၀ ဂရမ်
အမဲသား/ဆိတ်သား - ၂၀၀ ဂရမ်
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ  - တစ်လုံး
ဂျင်း - တတက်ကြီးကြီး
ရှောက်ကော(တရုပ်မဆလာ) - ၃လုံး
ဟွားကျောက်(ဇီချွမ်းငရုပ်ကောင်း) - ဇွန်းတဝက် စားပွဲဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
တွဲဖက်စားရန်
ကြက်သွန်မိတ်
နံနံပင်
ငရုပ်သီးစိမ်း/ဂျင်းနုတ်နုတ်စင်း
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)အမဲအူကိုလိုသလိုလှီးဖြတ်ပြီးရေဆေးသန့်စင်ထားပါ။
(၂)အိုးတခုတွင်ရေနွေးတအိုးတည်ထားပါရေဆူပါကလှီးဖြတ်ထားသောအမဲအူနှင့်ဂျင်းတဝက်ကိုထုပြီးထည့်ပြုတ်ပါ။
❀❀ဆိတ်အူဖြင့်ချက်လိုပါကမန်ကျည်းမှည့်ဖြင့်နယ်ဆေးပြီးရေနွေးဖျောစဉ်သစ်ဂျပိုးခေါက်ထည့်ပြီးပြုတ်ပါကညီနံ့သက်သာစေပါတယ်။
(၃)အမဲအူကိုရေဆူဆူတွင်၅မိနစ်ခန့်ပြုတ်ပြီးပါကဇကာတခုဖြင့်စစ်ချပြီးရေပြန်ဆေးစစ်ထားပါ။
(၄)ကြက်သွန်နီလေးစိတ်စိတ်ထားပါ။ဂျင်းကိုထုပြားထားပါ။ကြက်သွန်ဖြူကိုအြေ မာင်းလိုက်ထည့်နိုင်ပါတယ်။ရှောက်ကော ကိုထုထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကစွတ်ပြုတ်ချက်မည့်အိုးတွင်ရေစစ်ထားသောအမဲအူကြက်သွန်နီကြက်သွန်ဖြူဂျင်းရှောက်ကောတို့ကိုထည့်ပါ။ဆားထည့်ပြီးရေမြုတ်အောင်ထည့်ပြီးတည်ပါ။
(၆)ဆူပွက်ပါကမီးသေးသေးလျော့ထားပြီးတက်လာသောအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။(ဟင်းရည်ကြည်ရန်)
(၇)မီးအေးအေးဖြင့်အမဲအူများနူးအိလာသည်ထိတည်ပေးပြီးဟင်းခပ်မှုန့်နှင့်ဟွားကျောက်ထည့်ကာဟင်းရည်အပျစ်အကျဲလိုသလိုဖန်တီးကာအရသာအပေါ့အငံမြည်းကာမီးပိတ်ထားပါ။
(၈)ကြက်သွန်မိတ်နံနံပင်ငရုပ်သီးစိမ်းဂျင်းသေးသေးစိတ်တို့ကိုထည့်ပြီးပူပူစပ်စပ်မွေးကြိုင်သောအမဲအူစွပ်ပြုတ်ကိုတည်ခင်းနိုင်သလိုပုံစံတမျိုးဖြင့်အသားလုံးငါးလုံးငုံးဥမုန်ညင်းစိမ်းမုန်ညင်းဖြူတို့ကိုထည့်ပြီးလည်းတည်ခင်းသုံးဆောင်နိုင်ပါပြီ။အချဉ်နှစ်သက်ပါကသံပုရာသီးထည့်ပြီးသုံးဆောင်နိုင်ပါတယ်။
.........
Sofia

18 February 2016

လိမ္မော်ဆန်ပူတင်း

Orange Rice Pudding

နေရာဒေသအသီးသီးမှာဆန်နဲ့ပြုလုပ်ထားတဲ့မုန့်အမျိုးမျိုးကိုတွေ့နိုင်ပါတယ်။ခုလုပ်ထားတဲ့ဆန်ပူတင်းလေးကတော့အာဟာရလည်းဖြစ်ပြီးလူကြီးခလေးအကြိုက်တွေ့စေနိုင်မဲ့ပူတင်းလုပ်နည်းလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဆန် - တစ်ခွက်(ပေါင်းအိုးဆန်ချိန်ခွက်)
နွားနို့ - ၃ခွက်
ခရင်မ် - ၂ခွက်
ကြက်ဥအနှစ် - လေးလုံး
သကြား - တစ်ခွက်
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
လိမ္မော်သီး - တစ်လုံး
စပျစ်ခြောက် - အနည်းငယ်
နှစ်သက်ရာသစ်သီးယို -တွဲဖက်စားရန်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်ကိုရေဆေးသန့်စင်ပြီးရေ၃ခွက်ထည့်ပြီးနူးအိအောင်ပြုတ်ပါ။လိုအပ်ပါကအနည်းငယ်ဆီထပ်ထည့်ပေးပါ။
(၂)လိမ္မော်သီးကိုအပေါ်အခွံအနည်းငယ်ခြစ်ထားပါ။အရည်ကိုလည်းညစ်ထားပါ။ပန်းကန်တခုတွင်လိမ္မော်ရည်နှင့်စပျစ်ခြောက်တို့ကိုရောပြီးစိမ်ထားပါ။
(၃)ဆန်နူးအိပါကနွားနို့ထည့်ပြီးမွေတံဖြင့်မွေပြီးချေပေးပါ။အနည်းငယ်ပျစ်လာပါကထောပတ်ထည့်ပြီးသမအောင်မွေကာမီးပိတ်ထားပါ။
(၄)ဇလုံတခုတွင်ကြက်ဥအနှစ်သကြားနှင့်ခရင်မ်တို့ကိုရောပြီးသကြားပျော်အောင်မွေထားပါ။
(၅)သကြားပျော်ပါကအသင့်ချေထားသောနို့ဆန်ပြုတ်ကိုထည့်ပြီးသမအောင်မွေ ပါ။လိမ္မော်ခွံနှင့်လိမ္မော်ရည်နှင့်စပျစ်ခြောက်စိမ်ထားသည်ကိုထည့်ပြီးသမအောင်မွေပါ။
(၆)ပူတင်းဖုတ်ရန်ပန်းကန်သို့မဟုတ်ခွက်ကိုထောပတ်အနည်းငယ်လူးပေးပြီးဆန်ပူတင်းအရောကိုထည့်ပါ။
(၇)ရေပူတဝက်ထည့်ထားသောဘမ်းတွင်ဆန်ပူတင်းပန်းကန်များကိုထည့်ကာအလူမီနီယံစက္ကူဖြင့်ဖုံးအုပ်ပြီးအပူချိန်၂၀၀ဒီဂရီဖြင့်၄၅မိနစ်ခန့်ပေါင်းပါ။
(၈)၄၅မိနစ်ပြည့်ပါကအလူမီနီယံစက္ကူကိုဖယ်ပြီးပူတင်းအပေါ်ယံအရောင်ရရှိအောင်၁၅မိနစ်ခန့်ထားပြီးအရောင်ရရှိပါကထုတ်ယူအအေးခံထားပါ။
(၉)ဆန်ပူတင်းကိုအပူဖြစ်စေအအေးဖြစ်စေနှစ်သက်ရာသစ်သီးယိုဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀လိမ္မော်ခွံကိုအပေါ်ယံအဝါကိုသာဖွဖွခြစ်ထားပါ။အဖြူမပါစေရ။ခါးတတ်သည်။
...........
Sofia

16 February 2016

နို့ဆီချက်နည်း

Homemade Condensed Milk

နို့ဆီကိုတော့မိသားစုအတော်များများအိမ်မှာလ္ဘက်ရည်ကော်ဖီဖျော်ရာတွင်သုံးဖြစ်ကြမယ်ထင်ပါတယ်။အချို့သောနို့ဆီတွေမှာအထားခံဆေးများကျန်းမာရေးနဲ့မကိုက်ညီသောအဆီများကိုအသုံးပြုထားတယ်လို့ပြောကြလို့မသုံးရဲကြသူများလည်းရှိကြပါတယ်။ဒီနည်းလေးကဆိုဖီယာရဲ့မိဘများချက်ခဲ့တဲ့နည်းကိုအနည်းငယ်ပြင်ဆင်ထားခြင်းသာဖြစ်ပါတယ်။အိမ်မှာသန့်ရှင်းလတ်ဆပ်စွာချက်ပြီးအသုံးပြုနိုင်မဲ့နည်းလေးဖြစ်လို့အိမ်ရှင်မများအတွက်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
နွားနို့ - တစ်လီတာ
သကြား - ၃၀၀ ဂရမ်
ထောပတ် - ၃ ဇွန်း စားပွဲဇွန်း
ဗီနီလာအနံ့ - နှစ်စက် (ထည့်လိုက)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)နွားနို့ကိုဆူပွက်အောင်အရင်တည်ပါ။
(၂)ဆူပွက်ပါကပိတ်စတခုဖြင့်စစ်ပါ။
(၃)စစ်ထားပြီးသားနွားနို့ကိုအောက်ခြေထူသောအိုးသို့မဟုတ်ကြွေအိုးတွင်ထည့်ပါ။သကြားထည့်ပြီးတည်ပါ။
(၄)ဆူပွက်ပါကမီးကိုအသေးဆုံးအနေထိလျော့ချပြီးအဆက်မပျက်မွေပေးပါ။
(၅)တနာရီခန့်မွေပေးပြီးနို့သုံးပုံတပုံကျန်သောအနေအထားတွင်မီးပိတ်ကာထောပတ်ခဲနှင့်ဗီနီလာအနံထည့်ကာသမအောင်မွေပေးပါ။
(၆)ရလာသောနို့ဆီကိုအအေးခံကာသန့်ရှင်းခြောက်သွေ့သောပုလင်းဖြင့်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းကာလိုသလို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
❀ ❀ ပိတ်စဖြင့်မစစ်ဘဲပြုလုပ်ပါကနို့ကွဲပြီးချောမွေ့သောနို့ဆီမရနိုင်။
❀❀  ❀အသုံးပြုသောသကြားမီးအနေထားတို့ပေါ်မူတည်ပြီးရရှိလာသောနို့ဆီအရောင်ကွဲပြားနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

11 February 2016

ကိုးရီးယားကင်မ်ချီဟော့ပေါ့

Kimchi Hotpot
❀ ❀ ❀
ကိုးရီးယားဟော့ပေါ့ဆိုင်မှာတပွဲကိုတယောက်စာပုံစံလေးတွေရောင်းတဲ့ကင်မ်ချီဟော့ပေါ့လေးဘဲဖြစ်ပါတယ်။မိမိနှစ်သက်ရာအသားသို့မဟုတ်ဖက်ထုပ်ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအစာပြေအဖြစ်လုပ်စားနိုင်သလိုညနေခင်းစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
တခါတရံခံတွင်းပျက်လို့ချဉ်ငံစပ်ဟော့ပေါ့လေးလုပ်စားချင်သူများအတွက်လည်းအဆင်ပြေတာမို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သား/အမဲသားနုနု - အနည်းငယ်
ပဲကြာဇံ - လက်တစ်ဆုပ်
ရှီတာခီမှို - ၂ပွင့်
အီနိုကီမှို(အပ်မှို) - အနည်းငယ်
ငါးခြောက်ကြော် - အနည်းငယ်
ပဲပိစပ်ပဲပင်ပေါက် - အနည်းငယ်
ကင်မ်ချီ  - တစ်ပန်းကန်
ပဲပြား - တစ်စိတ်
ကြက်ပြုတ်ရည် - တစ်ပန်းကန်
ကြက်သွန်မိတ်- အနည်းငယ်
နှမ်း - အနည်းငယ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာနှစ်သက်ရာအသားကိုပါးပါးလွှာလွှာလှီးထားပါ။ပင်လယ်စာဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
(၂)ပဲကြာဇံကိုရေစိမ်ထားပါ။ပဲပင်ပေါက်သန့်စင်ထားပါ။ရှီတာခီမှိုကိုခပ်ပါးပါးလှီးထားပါ။ကင်မ်ချီသေးသေးစိတ်ထားပါ။
ငါးခြောက်ကိုဆီပူထိုးထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဟင်းရည်အိုးတည်ရန်ပြင်ဆင်ပါ။ကြက်ပြုတ်ရည်သို့မဟုတ်အသင့်သုံးကြက်ပြုတ်ရည်သုံးနိုင်ပါတယ်။
**အသင့်သုံးကြက်ပြုတ်ရည်အသုံးပြုပါကဟင်းခပ်မှုန့်ဆားတို့ကိုချိန်ဆပြီးထည့်ပါ။
(၄)ဟင်းရည်အိုးထဲသို့ငါးခြောက်ကိုသေးသေးဖဲ့ပြီးထည့်တည်ထားပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
(၅)ဆူပွက်ပါကပဲကြာဇံပဲပင်ပေါက်ရှီတာခီမှိုတို့ကိုထည့်ပါ။ကင်မ်ချီသေးသေးစိတ်ထားသည်ကိုထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၆)အရသာအနေတော်ပါကမီးဖိုမှချခါနည်းတွင်အီနိုကီ(အပ်မှို)ပဲပြားနှင့်အသားပါးပါးလွှာထားသည်ကိုထည့်ပြီးကြက်သွန်မိတ်ဖြူးနှမ်းဖြူးကာဟောပေါ့ကြည့်ဖြစ်စေထမင်းဖြူနှင့်တွဲဖက်၍ဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...