13 January 2017

ရှမ်းတိုဖူးကြော်

Deep Fried Shan Tofu
တိုဖူးကြော်ကိုနေရာဒေသအသီးသီးကအကြော်ဆိုင်တွေမှာရောင်းထားတတ်ပါတယ်။ဘယ်အရပ်ဒေသရောက်ရောက်မွေးရပ်ဇာတိမြေကတိုဖူးကြော်ကိုတော့အမြဲတမ်းတမိတတ်တယ်။ငယ်ငယ်ကပြေးလွှာကစားရင်းကနေ့စဉ်မြင်တွေ့နေရတဲ့အိမ်နီးချင်းကတိုဖူးကြော်လက်လီလက်ကားပေးတဲ့မန့်နားရွာကတိုဖူးကြော်ကိုတော့စားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။မနက်မိုးလင်းဆိုအကြော်ဖိုမှာမိုးဗြဲဒယ်သုံးလုံးလောက်နဲ့အပြည့်ကြော်နေတဲ့တိုဖူးကြော်ကိုစောင့်ဝယ်ခဲ့ရတာလေးတွေလည်းလွမ်းမိသလိုမနက်ခင်းတိုင်းအကြော်ပူပူနွေးနွေးကိုကြိမ်ခြင်းတောင်းအပြည့်ထည့်လို့အိမ်ရှေ့ကဖြတ်ဖြတ်သွားတဲ့အကြော်နံ့လေးလည်းလွမ်းမိပါတယ်။ရှမ်းခေါက်ဆွဲနဲ့တွဲဖက်စားရာမှာလည်းအခြားတိုဖူးကြော်များနဲ့မတူထူးခြားတဲ့အရသာကလည်းမမေ့နိုင်စရာပါ။မနက်ခင်းစာကိုမျိုးဝင်းရဲ့ကောက်ညင်းပေါင်းနဲ့တိုဖူးကြော်ပူပူတွဲဖက်စားရတဲ့ငယ်ဘဝလေးတွေအမှတ်ရလို့လုပ်စားဖြစ်တဲ့တိုဖူးကြော်လေးပါ။ကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ကုလားပဲမှုန့်အစိမ်း-၂၀၀ဂရမ်
ဆန်မှုန့် (ငစိန်)- ၄၀ဂရမ်
ရေ - ၁.၂၅၀ လီတာ
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
နနွင်း - အနည်းငယ်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ကုလားပဲမှုန့်နှင့်ဆန်မှုန့်ကိုရောပြီးရေ၅၀၀ml ထည့်ပြီးဖျော်ထားပါ။ပျော်သွားပါကအလုံးအခဲများမ ကျန်စေရန်ဇကာဖြင့်စစ်ပေးပါ။
2.တိုဖူးကျိုမည့်အိုးတွင်ကျန်ရေ၇၅၀mlထည့်ပါ။ဆားနှင့်နနွင်းထည့်ပြီးမီးဖိုတွင်တည်ပါ။
3.ဆူပွက်ပါကဖျော်ထားသောပဲနှစ်ရည်ကိုတဖက်မှဖြည်းဖြည်းလောင်းထည့်ကာတဖက်မှအဆက်မပျက်မွေပေးပါ။
4.တိုဖူးပျစ်လာပါကမီးလျော့ပြီးပဲစိမ်းနံ့ပျောက်သည်ထိဆယ်မိနစ်ခန့်မွေပေးပြီးပဲနှပ်အောင်ထားပါ။
5.ပဲစိမ်းနံ့ပျောက်ပါကဘမ်းတခုတွင်လောင်းထည့်ကာမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးအအေးခံထားပါ။
5.လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးဆီပူတွင်၁၅မိနစ်ခန့်မီးအေးအေးဖြင့်အပြင်သားများကြွပ်ရွလာသည်ထိကြော်ပေးပြီးဆယ်ယူဆီစစ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ထူးခြားမှုမှာအပြင်သားကြွပ်ရွပြီးအတွင်းသားနူးညံ့တဲ့အရသာဖြစ်ပါတယ်။
❀ငစိန်ဆန်ကိုအသုံးပြုပါကပိုမိုကြွပ်ရွသောတိုဖူးကြော်ကိုရရှိမှာဖြစ်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...