2 February 2017

ရဲယိုရွက်ငါးခူစင်းကော

ရဲယိုရွက်ငါးခူစင်းကောဟင်းလေးကငါးဟင်းနှစ်သက်သူများအဖို့အလွန်ထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။ပုံမှန်အားဖြင့်ငါးခူကိုသိပ်စားလေ့မရှိပေမဲ့ခုလိုလေးစင်းကောကိုဟင်းခပ်အမွေးအကြိုင်နိုင်နိုင်နဲ့ချက်စားတာတော့နှစ်သက်မိပါတယ်။အသားနွင်ပြီးသားမို့အရိုးလည်းမနွင်ရဘူးပေါ့နော်..ရဲယိုရွက်မထည့်ဘဲငါးခူစင်းကောသီးသန့်လည်းချက်နိုင်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ငါးခူ - ၂၀၀ ဂရမ် တကောင် ၁၅ကျပ်သားခန့်
ကြက်သွန်နီ - ၂လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
နနွင်းအနည်းငယ်
ဆား - ဇွန်းတစ်ဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရဲယိုရွက်နုနု - ၃ရွက်
ရှမ်းနံနံ - နှစ်ပင်
နံနံပင် - အနည်းငယ်
ပင်စိမ်း - အနည်းငယ်
ငရုတ်သီးစိမ်း - ၅တောင့်
ဆီ -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာငါးခူကိုရေဆေးသန့်စင်ပြီးကျောမှခွဲပီးအသားလွှာထားပါ။ဈေးတွင်ဝယ်ယူပြီးလည်းအသားနွင်ခိုင်းနိုင်ပါတယ်။
2.ငါးခူအသားလွှာကိုပါးပါးလှီးပြီးဆားဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။
3.ကြက်သွန်နီပါးပါးစိတ်ထားပါ။ဂျင်းကြက်သွန်ဖြူထောင်းထားပါ။
4.ချက်မည့်အိုးတွင်ဆီထည့်အပူပေးပြီးကြက်သွန်နီဆီသပ်ပါ။နနွင်းထည့်ပါ။ကြက်သွန်အရောင်ပြောင်းပြီးနွမ်းလာပါကဂျင်းကြက်သွန်ဖြူထည့်ပါ။
5.ဆီသပ်နံ့မွေးလာပါကအရသာနယ်ထားသောငါးခူအသားကိုထည့်ပါ။ရေအနည်းငယ်ထည့်ပြီးဟင်းအနှစ်ကျအောက်ချက်ပါ။အရသာအပေါ့အငံမြည်းပြီးလိုအပ်ပါကဖြည့်စွက်ပါ။
6.ရဲယိုရွက်သေးသေးစိတ်ထည့်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပါ။ငရုတ်သီးစိမ်းကိုရိုက်ပြီးထည့်ပါ။
7.မီးဖိုမှချခါနီးတွင်ရှမ်းနံနံပင်စိမ်းနံနံပင်ထည့်ပြီးသမအောင်မွေပေးကာအရည်စပ်စပ်ဖြင့်ဖိုမှချကာတည်ခင်းနိုင်ပါပြီ။
...........
Sofia

  • http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...