25 May 2016

ငါးခေါင်းဆန်လှော်ဆေးခါးဟင်း


နေရာဒေသအလိုက်ဟင်းချက်နည်းနဲ့စားသောက်ကြပုံဓလေ့များမတူကွဲပြားမှုတွေအများကြီးတွေ့ရပါတယ်။ဆိုဖီယာကတော့ရှမ်းမြောက်ပိုင်းသူမို့ေ တာင်ပိုင်းကစားလေ့စားထရှိတဲ့အစားအစာအချို့ကိုလေ့လာသင်ယူဖို့ဒီတလတောင်ပိုင်းနေရာအတော်များများကိုသွားဖြစ်ခဲ့ပါတယ်။တောင်ပိုင်းခရီးစဉ်တလျောက်အစစအကူညီပေးခဲ့ကြသောညီမလေးယွန်းဖူးဖူးနှင့်တကွရှမ်းအစားအစာများ၊အင်းသားအ စားအစာများနှင့်ဒေသအစားအစာသိလိုသည်များကိုစိတ်ရှည်စွာရှင်းပြချက်ပြပြောပြပေးကြတဲ့နောင်မွန်လွိုင်ကော်တို့မှဆွေမျိုးများဖြစ်ကြသောမမကြီးနှင့်ညီအစ်မများတူမလေးများအားလုံးကိုဒီပို့စ်လေးကနေကျေးဇူးတင်ကြောင်းပြောပါရစေရှင်...
အင်းသားအစားအစာတမျိုးဖြစ်ပြီးထူးခြားစွာပူစီနံများများနဲ့ချက်တဲ့ငါးခေါင်းဆန်လှော်ဆေးခါးဟင်းကချက်ရလွယ်ကူမြန်ဆန်ပြီးဆေးဖက်လည်းဝင်ဆီးချိုသွေးတိုးသမားတို့အတွက်လည်းသင့်တော်ကာထမင်းမြိန်စေတဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးရံ့ခေါင်း - ၅ လုံး
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း
ကစော့ခါးသီး - လက်တစ်ဆုပ်
ဆန်လှော်မှုန့် - ၅ဇွန်း စားပွဲဇွန်း
ဆေးခါးမှုန့် - တစ်ဇွန်း
ပူစီနံ - တစ်ပန်းကန်
ရေ - ၁.၅လီတာ
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ငါးရံ့ခေါင်းကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းထားပါ။
(၂)ခရမ်းချဉ်သီးကြက်သွန်နီပါးပါးစိတ်ထားပါ။ကစော့ခါးသီးထောင်းထားပါ။ပူစီနံရေဆေးသန့်စင်ပြီးသင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဟင်းရည်ချက်မည့်အိုးတွင်ကြက်သွန်နီခရမ်းချဉ်သီးဂျင်းကြက်သွန်ဖြူနှင့်ကစော့ခါးသီးထောင်းတို့ကိုထည့်ပြီးမီးဖိုပေါ်တင်ကာလုံးချက်ပေးပါ။
(၄)ကြက်သွန်ခရမ်းချဉ်သီးနွမ်းပါကရေထည့်ပါ။ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။
(၅)ဟင်းရည်ဆူပွက်ပါကဆန်လှော်မှုန့်ကိုရေဖျော်ပြီးထည့်ပါ။အရသာအပေါ့အငံမြည်းပါ။
(၆)အပျစ်အကျဲအနေတော်ပါကရေဆေး သန့်စင်ထားသောငါးခေါင်းထည့်ပြီး ဆူပွက်အောင်တည်ပေးပါ။
(၇)အရမ်းခါးတာနှစ်သက်ပါကဆေးခါးမှုန့် ထည့်ပါ။(မထည့်လည်းရ)
(၈)ငါးခေါင်းကျက်ပါကပူစီနံများများအုပ်ပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ပူစီနံများများ၏အနံ့နှင့်ခါးသက်သော အရသာ၊ကစော့ခါးသီးခါးသက်သောအရ သာပါပြီး၍ဆေးခါးမှုန့်ကိုလျော့ထည့်နိုင်ပါတယ်။
❀❀ တွဲဖက်အဖြစ်ဂျူးမြစ်ငါးဟင်း၊ငါးဥကြော်နှင့်နှမ်းထူမုန့်ကြွပ်ကြော်တို့ဖြင့်လွန်စွာလိုက်ဖက်သောဟင်းတခွက်ဖြစ်ပါတယ်။
❀❀ဆန်ကိုလှော်ပြီးထောင်းထည့်ပါကပိုမွေးပြီးအသင့်သုံးဆန်လှော်မှုန့်ကိုလည်းသုံးနိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...