10 April 2016

နွားနို့ခဲပြုလုပ်နည်း



နွားနို့ခဲဆိုရင်အညာဘက်ကနို့ခဲကပိုစားကောင်းပြီးနို့ခဲစစ်စစ်ကိုရတတ်ပါတယ်။အညာမှာတော့နို့ခဲပြုလုပ်ရန်အတွက်မရိုးရွက်ကိုအသုံးပြု ပြီးပြုလုပ်ကြပါတယ်။နွားနို့ခဲပြုလုပ်နည်းကိုတော့လူကြီးမိဘတွေနဲ့နည်းစပ်ရာတွေကိုမေးမြန်းပြီးသိထားပေမဲ့လို့ကိုယ်တိုင်တော့အခုမှဘဲလုပ်ဖြစ်ခဲ့တာပါ။နို့ခဲစစ်စစ်ကိုကိုယ်တိုင်စမ်းသပ်ပြုလုပ်စားသုံးချင်သောအိမ်ရှင်မများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
နွားနို့စစ်စစ် - တစ်ပိသာ
မရိုးရွက် - ၃ရွက် (လပ်ဆပ်သော)
ပိတ်စပါး- တစ်ထည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သန့်ရှင်းသောအိုးတခုတွင်နွားနို့ကိုထည့်ပါ။
(၂)မရိုးရွက်၃ရွက်ကိုရေဆေးပြီးအနည်းငယ်ထုခြေပေးကာနွားနို့အိုးထဲသို့ထည့်မွေပေးပါ။(အရွက်များမကျန်ခဲ့စေရန်ပိတ်စပါးတခုဖြင့်ထုပ်ပြီးထည့်ပါ)
(၃)ပြီးလျှင်မီးဖိုပေါ်တွင်ပုံမှန်မီးအနေအထားဖြင့်ကျိုပါ။အိုးမကပ်စေရန်ယောက်မဖြင့်အ ဆက်မပျက်မွေပေးပါ။
(၄)နို့များစတင်ပူလာပြီးအငွေ့ထွက်လာသည်နှင့်ထည့်ထားသောမရိုးရွက်ကိုဆယ်ထုတ်ပြီးဆူပွက်သည်ထိဆက်မွေပေးပါ။
(၅)စတင်ဆူပွက်သည်နှင့်တပြိုင်တည်းနွားနို့မှာအရည်နှင့်အဖတ်ကွဲထွက်လာပါမယ်။
(၆)ကွဲသွားသောနို့ကိုပိတ်စပါးပါးတခုတွင်လောင်းထည့်ပြီးအပေါ်ပိတ်စကိုစုချည်ကာအရည်များကိုစစ်ထားပါ။
(၇)အရည်စစ်သွားသောနို့ခဲထုပ်ကိုကျစ်နေအောင်စုစည်းပြီးအလေးတခုဖြင့်တညသို့မဟုတ်မာခဲသွားသည်ထိဖိထားပေးပါ။
(၈)မာခဲသွားသောနို့ခဲကိုအဝတ်ထဲမှထုတ်ယူပြီးအကင်စက်သို့မဟုတ်ဇကာညပ်ပေါ်တင်ကာအပေါ်ယံမျက်နှာပြင်အရောင်ရသည်ထိမီးကင်ပေးပါ။
(၉)ရရှိလာသောနို့ခဲစစ်စစ်ကိုချက်စားကြော်စားမိမိနှစ်သက်သလိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀နို့အပျစ်အကျဲပေါ်မူတည်ပြီးထွက်ရှိလာသောနို့ခဲပမာဏကွာခြားပါမယ်၊
❀❀နွားနို့တပိသာတွင်ပျမ်းမျှ၂၀-၃၀ကျပ်သားဝန်းကျင်သာရရှိပါမယ်။
❀❀နွားနို့တပိသာတွင်မရိုးရွက်သုံးရွက်ခန့်သာအသုံးပြုပါ။မရိုးရွက်များလျှင်ခါးသက်သောအရသာထွက်ပါတယ်။
❀❀ရရှိလာသောနို့ခဲကိုတာရှည်အထားခံစေရန်ဆားရည်ဖြင့်ပြုတ်ပြီးမီးကင်ကာသိမ်းဆည်းထားနိုင်ပါတယ်။
❀❀ပုံတွင်ပြထားသောနို့ခဲမှာနို့သုံးပိသာစာဖြစ်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...