20 January 2016

ကျောက်မဲနှမ်းထောင်းခေါပုတ်


ကျောက်မဲဇာတိဖြစ်တဲ့ဆိုဖီယာအတွက်နှမ်းထောင်းခေါပုတ်ကနှစ်နှစ်နေမှတခါစားရသလိုဖြစ်နေတာပါ။ငယ်ငယ်ကဆောင်းတွင်းအခါလမ်းထိပ်မှာမီးသွေးမီးဖိုလေးနဲ့ကင်ရောင်းတာဝယ်စားလို့ရသလိုခေါပုတ်ထောင်းတဲ့ဆုံတွေမှာသွားဝယ်တဲ့အခါလပ်လပ်ဆပ်ဆပ်ပူပူနွေးနွေးစားခဲ့ရတာတွေကမမေ့နိုင်စရာငယ်ဘဝအမှတ်တရတွေပါဘဲ။အခုလိုအချိန်ရှမ်းပြည်မပြန်နိုင်သေးသလိုရှမ်းပြည်ကခေါပုတ်လည်းစင်္ကာပူထိမသယ်နိုင်လေတော့နှမ်းလုံးကိုကျောက်မဲကမှာပြီးကိုယ်တိုင်လုပ်စားဖြစ်သွားတယ်။မောင်းဆုံနဲ့ထောင်းတာမဟုတ်တဲ့အတွက်အရမ်းကြီးညက်မနေပေမဲ့ရှမ်းခေါပုတ်လွမ်းနေသူအတွက်တော့ကျေနပ်အားရစရာကောင်းလှပါတယ်။ ☺
နှမ်းလုံးရှာမရသူများနှမ်းအမဲဖြင့်အစားထိုးသုံးနိုင်ပေမဲ့အနံ့အရသာအနည်းငယ်ကွာပါလိမ့်မယ်။
ဆိုဖီယာရဲ့ခေါပုတ်လုပ်နည်းအချိုးလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၃ချပ်စာ)
********
ကောက်ညင်းငချိတ် - ၃ခွက်ဆန်ချိန်ခွက်
ကောက်ညင်းအဖြူ - ၃ခွက်
နှမ်းလုံး - ၁၀၀ ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဆီ - အနည်းငယ် လက်ကိုင်ရန်
ငှက်ပျောဖက် - ခင်းရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းငချိတ်နှင့်ကောက်ညင်းဆန်တို့ကိုသီးသန့်ဆီရေဆေးပြီးတနာရီခန့်ရေစိမ်ထားပါ။
(၂)ကောက်ညင်းအဖြူကိုအရင်ပေါင်းပါ။ပေါင်းအိုးတွင်ရေထည့်ပြီးဇကာတွင်အဝတ်ခင်းပြီးကောက်ညင်းဆန်ထည့်ကာရေနွေးငွေ့ဖြင့်မိနစ်၂၀ခန့်ကျက်အောင်အနေတော်ပေါင်းပြီးထုတ်ယူထားပါ။
(၃)ငချိတ်ကိုမပေါင်းခင်ရေဆူတွင်၁၀မိနစ်ခန့်ပြုတ်ပြီးရေစစ်ကာပေါင်းအိုးတွင်အဝတ်ခင်းပြီးပေါင်းပါ။(ပေါင်းသည့်အချိန်သက်သာစေရန်ရေနွေးဖြင့်တဝက်ကျက်ပြုတ်ပေးခြင်းသာဖြစ်ပါတယ်။)ငချိတ်ကောက်ညင်းကျက်ပါကထုတ်ယူထားပါ။
(၄)နှမ်းလုံးကိုရေဆေးရေစစ်ပြီးမီးအေးအေးဖြင့်မွေးလာသည်ထိလှော်ပြီးထောင်းထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကကောက်ညင်းနှင့်ငချိတ်ကိုရောပြီးဆားနှမ်းထောင်းထည့်ကာငရုပ်ဆုံသို့ကြိတ်စက်ဂျုံနယ်စက်ဖြင့်ကြေပြီးညက်လာအောင်ကြိတ်ပေးပါ။
(၆)ညက်လာပါကလက်ကိုဆီဆွတ်ပြီးကြိတ်စက်ထုတ်ယူကာလိုသလိုအရွယ်လုံးယူပြီးငှက်ပျောဖက်တွင်ဆီလူးကာခေါပုတ်ကိုတင်ပြီးလိုချင်သောအနေအထူအပါးဖိပေးပြီးတချပ်နှင့်တချပ်မကပ်အောင်ဆီလူးနှမ်းဖြူးပြီးထားပါ။
(၇)ထောင်းပြီးစခေါပုတ်ပူနွေးနွေးကိုနှမ်းထောင်းကြံသကာရောထားသည်နှင့်ထုပ်ပြီးငှက်ပျောဖက်ဖြင့်ထုပ်ကာမီးကင်ပြီးပူပူနွေးနွေးချိုမွေးမွေးသုံးဆောင်နိုင်သလိုခေါပုတ်ကိုအအေးခံပြီးလိုသလိုလှီးဖြတ်ဆီပူတွင်ချကြော်ပြီးကြွပ်ရွနေတဲ့ခေါပုတ်ကြော်ကိုသကြားနှင့်တို့စားနိုင်သလိုအလွန်လိုက်ဖက်တဲ့ဆီတိုဖူးခေါ်တိုဖူးချဉ်နဲ့လည်းတွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါတယ်ရှင်။
...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...