2 December 2015

ကြက်သွန်ချဉ်



ရှမ်းတရုပ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ကြက်သွန်ချဉ်ပြုလုပ်ရန်အတွက်သီးသန့်ကြက်သွန်ဥအမျိုးအစားကိုသုံးရပါတယ်။ရှမ်းပြည်မှာတော့နှစ်စဉ်နှစ်တိုင်းဂျူလိုင်လပိုင်းလောက်မှာပေါ်ပါတယ်။တစ်နှစ်တစ်ကြိမ်သာပေါ်တာမို့တကြိမ်တည်လျှင်တစ်နှစ်စာတည်လေ့ရှိပါတယ်။နှစ်ပေါက်တာရှည်ခံအောင်အချို့ကတော့အရက်ထည့်လေ့ရှိပြီးဆိုဖီယာတို့မိရိုးဖလာနည်းကတော့အရက်မပါဘဲတည်နည်းဘဲဖြစ်ပါတယ်။ရာသီချိန်ကုန်သွားပေမဲ့သိလိုသောမိတ်ဆွေသူငယ်ချင်းများအတွက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။ဆိုဖီယာ့အဖွားဆီကရခဲ့တဲ့ပညာအမွေနဲ့လိုအပ်တာများသင်ကြားပေးခဲ့တဲ့အန်တီလေးကိုဒီကဘဲကျေးဇူးသင်ကြောင်းပြောပါရစေ။☺
ပါဝင်ပစ္စည်း
********
ကြက်သွန် - ဆယ်ပိသာ
ဆား -တစ်ပိသာနှစ်ဆယ်ကျပ်သား
ရှမ်းကြံသကာ - နှစ်ပိသာ
ထုံး - လေးဇွန်း စားပွဲဇွန်း
ငရုပ်ချဉ်- တစ်ပိသာခွဲ
(ငရုပ်သီးအပွတောင့်အရှည်ကိုကြိတ်ပြီးလည်းထည့်နိုင်ပါတယ်)
နံနံစေ့ - ၅ကျပ်သား
စမုံစပါး - ၅ကျပ်သား
ဟွားကျောက် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာကြက်သွန်ကိုလှီးဖြတ်သန့်စင်ပြီးထုံးရေဖြင့်တစ်ညစိမ်ထားပါ။အထက်အောက်သမအောင်မွေပေးပါ။
(၂)တညစိမ်ပြီးကြက်သွန်ကြွပ်လာပါကရေဆေးရေစစ်ထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုပြီးအအေးခံထားပါ။
(၄)ပါဝင်ပစ္စည်းများအားလုံးကိုသန့်ရှင်းသောဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ပြီးလျှင်ရေစစ်ထားသောကြက်သွန်ထည့်မွေပြီးသန့်ရှင်းခြောက်သွေ့သောစဥ့်အိုးတွင်ထည့်ပြီးသေချာစွာဖိထည့်ပေးပါ။
(၆)အိုးပြည့်အောင်မထည့်ဘဲနေရာချန်ပေးကာ(အရည်ထွက်လာမှာမို့)သန့်ရှင်းသောပလပ်စတစ်ဖြင့်အုပ်ပြီးကြိုးအထပ်ထပ်ချည်ကာလေလုံအောင်ပိတ်ပြီးအပေါ်မှအဖုံးအုပ်ထားပါ။
(၇)သုံးပတ်တလခန့်တည်ပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောဇွန်းဖြင့်လိုသလောက်ခပ်ယူပြီးလေလုံအောင်သိမ်းဆည်းပြီးတနှစ်ပတ်လုံးသုံးဆောင်နိုင်ပါပြီ။
***
အရေးကြီးဆုံးအချက်မှာအသုံးပြုသည့်အိုး ခွက်များအားလုံးဆီကင်းသန့်ရှင်းရပါမယ်။
................
Sofia

3 comments:

  1. ထုံးစိမ်တာ ကျွတ်အောင်လို့ လားဟင်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်​ပါတယ်​ရှင့်

      Delete
    2. ဟုတ်​ပါတယ်​ရှင့်

      Delete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...