1 August 2017

ပန်းသေးအမဲနှပ်ခေါက်ဆွဲ

ပန်းသေးအမဲနှပ်ခေါက်ဆွဲ
Braised Beef Noodles
红烧牛肉面
ပန်းသေးရိုးရာအမဲနှပ်ခေါက်ဆွဲလေးဖြစ်ပါတယ်။ဒီအမဲနှပ်ဟင်းလေးကိုဘဲထမင်းနဲ့ဖြစ်စေမန်ထိုခေါ်ပေါက်ဆီအလွတ်တမျိုးနဲ့လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။ရိုးရိုးခေါက်ဆွဲများနဲ့မတူတမူထူးပြီးအရသာနှစ်လိုဖွယ်ကောင်းတဲ့မိသားစုအမဲနှပ်ခေါက်ဆွဲလေးလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲသား - တစ်ကီလို
ဂျင်း - လက်နှစ်ဆစ်
ကြက်သွန်နီ - ၄လုံး
ကြက်သွန်နီကြော် - တစ်ပန်းကန်
ကြက်သွန်ဖြူ (ဥကြီး)-လက်တဆုပ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပဲငံပြာရည်အမဲ - ၃ဇွန်း
ပဲငံပြာရည်အကြည် - ၃ဇွန်း
ရှောက်ကော - နှစ်လုံး
ပါကော(နာနတ်ပွင့်)-၃ပွင့်
ဟွားကျောက်(ဇီချွမ်းငရုတ်ကောင်း)-လ္ဘက်ဇွန်း တစ်ဇွန်း
တရုတ်မဆလာအမှုန့် (five spices)- တစ်ဇွန်း
ဆီ - အနည်းငယ်
တွဲဖက်စားရန်(၅ပွဲစာ)
**********
ဂျုံခေါက်ဆွဲ - တစ်စည်း
ကြက်သွန်ဖြူဆီချက် - တစ်ပန်းကန်
နှမ်းဆီမွေး
သံပုရာသီး
ငရုတ်သီးကြော်(အမှုန့်)
ကြက်သွန်မိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အသားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးများလှီးဖြတ်ထားပါ။
2.ကြက်သွန်နီ၊ဂျင်းပါးပါးစိတ်ထားပါ။ကြက်သွန်ကြော်တပန်းကန်လုံးစာပြင်ဆင်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးရှောက်ကောအလုံး(ထုထားသည်)ပါကော၊ဟွားကျောက်စေ့တို့ကိုထည့်ပြီးဆီသပ်ပါ။
4.အနံ့မွေးလပါကဂျင်းနှင့်အသားလှီးထားသည်တို့ကိုထည့်ကြော်ပေးပါ။အသားမှထွက်လာသောရေခမ်းပြီးအသားများနီရောင်သမ်းလာသည်ထိကြော်ပေးပါ။
5.အသားများနီရောင်သမ်းလာပါကပဲငံပြာရည်အမဲနှင့်အကြည်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
6.ပြီးလျှင်အရိုးပြုတ်ရည်သို့မဟုတ်ရေမြှုတ်ရုံထည့်ပါ။ဆားဟင်းခပ်မှုန့်ကြက်သွန်နီကြော်၊ကြက်သွန်နီ၊တရုတ်မဆလာတို့ကိုထည့်ပါ။
7.ဆူပွက်ပါကမီးလျော့ထားပြီးအသားနူးအိသည်ထိတည်ထားပါ။လိုအပ်ပါကရေအနည်းငယ်ဆီထ ည့်ပေးပါ။
8.အသားနူးအိခါနည်းလျှင်ကြက်သွန်ဖြူခွာပြီးသားလက်တစ်ဆုပ်ခန့်ကိုရေဆေးပြီးအမြောင်းလိုက်ထည့်ပေးပါ။
9.အသားနူးအိပါကအရသာအပေါ့အငံမြည်းကာအပျစ်အကြဲလိုသလိုပြုပြင်ကာခေါက်ဆွဲထမင်းနှင့်မန်ထိုကြိုက်နှစ်သက်ရာနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
10.ခေါက်ဆွဲနှင့်တွဲဖက်စားရန်ဂျုံခေါက်ဆွဲကိုပြုတ်ထားပြီးပန်းကန်တွင်ထည့်ပါ။အပေါ်မှအမဲသားနှပ်နှင့်ဟင်းရည်တွဲဖက်ပြီးထည့်ပါ။ကြက်သွန်ဖြူဆီချက်ငရုတ်သီးဆီချက်၊နှမ်းဆီေ မွး၊ကြက်သွန်မိတ်၊သံပုရာသီးတို့ဖြင့်တည်ခင်း သုံးဆောင်နိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...