19 June 2017

အာလူးကြော်

French Fries
ကြက်ကြော်ဆိုင်ကအာလူးကြော်နည်းကိုမေးထားကြတာကြာပြီဖြစ်ပေမဲ့မလုပ်ဖြစ်တော့မတင်ပေးနိုင်ခဲ့ဘူး။French Friesရဲ့ထုံးစံအတိုင်းအာလူးကိုနှ စ်ခါပြန်ကြော်ရပြီးလုပ်နည်းအဆင့်အချို့ကြောင့်လိုချင်တဲ့အာလူးကြော်အကြွပ်အနေအထားကွဲပြားမှုများရှိပါတယ်။ဒီတခါတော့သားတော်မောင်ဂျီကျလို့မဖြစ်မနေလုပ်ပေးဖြစ်ရင်းတင်ပေးလိုက်ပါတယ်။စင်္ကာပူမှာဘာဂါနဲ့ကြက်ကြော်စားရင်အမြဲအပိုသပ်သပ်မှာပေးရတဲ့အာလူးချောင်းကြော်ကိုမေမေကိုယ်တိုင်ကြော်ပေးမယ်ဆိုပြီးဒီနေ့ကြော်ပေးဖြစ်တာလေးပါ။ဒီနေ့သားတော်မောင်ကတော့မေမေကြော်တာပိုကောင်းတယ်ဆိုဘဲ :-P
အလုပ်တွေပတ်ချာလည်ပြီးကြော်ပြီးချက်ချင်းဓာတ်ပုံမရိုက်နိုင်အတော်ကြာမှရိုက်တဲ့အချိန်ကမိုးကအုံ့နေပြန်တော့မလှမပပုံနဲ့ဘဲလုပ်နည်းမျှဝေပေးလိုက်ပါတယ်။အာလူးကြော်ကြွပ်ရွရွနှစ်သက်သူများအတွက်ချက်ချင်းပြန်မပျော့သွားတဲ့အာလူးချောင်းကြော်နည်းလေးကိုကျေနပ်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
********
အာလူး - တစ်ပိသာ
ရေခဲရေ - တစ်ဇလုံ
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ဆီ ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အာလူးကိုရေဆေးအခွံသင်သန့်စင်ပြီးရေစိမ်ထားပါပြီးလျှင်ပုံတွင်ပြထားသည့်အရွယ်အစားအတိုင်းညီညာစွာလှီးဖြတ်ပြီးရေစိမ်ထားပါ။ရေနွေးအိုးတအိုးအသင့်တည်ထားပါ။
2.အားလုံးလှီးဖြတ်ပြီးပါကရေ၃ခါဆေးကာရေစစ်ထားပါ။
3.တည်ထားသောရေဆူပွက်ပါကရေစစ်ထားသောအာလူးကိုထည့်ပြီး၂မိနစ်ခန့်ပြုတ်ပါ။
4.ရေခဲရေတဇလုံအသင့်ပြင်ထားပါ။၂မိနစ်ပြည့် ပါကဆယ်ယူပြီးရေခဲရေတွင်လုံးဝအေးအောင်စိမ်ထားပါ။အေးလျှင်ဆယ်ယူရေစစ်ထားပါ။
5.ဆီပူအိုးအသင့်တည်ထားပြီးဆီပူပါကရေစစ်ထားသောအာလူးကိုထည့်ကြော်ပါ။များနေလျှင်ခွဲေ ကြာ်ပါ။
6.အာလူးချောင်းလေးများဖြူပြီးဆီပေါ်ပေါလာသည်ထိ၎မိနစ်မှ၅မိနစ်ခန့်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။(ကြွပ်အောင်နီအောင်မကြော်ရ)
7.အားလုံးကြော်ပြီးဆီစစ်ပါကဆီစုပ်စက္ကူဖြင့်ခြောက်အောင်ပြုလုပ်ပြီးဘမ်းတခုတွင်သေချာထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်၃နာရီမှတညထည့်ထားပါ။
8.သုံးဆောင်လိုသောအချိန်တွင်ဆီပူအိုးတည်ပြီးရေခဲသေတ္တာမှထုတ်ယူကာဆီပူတွင်ကြွပ်ရွပြီးရွှေဝါရောင်သမ်းသည်ထိကြော်ကာဆယ်ယူဆီစစ်ပြီးငရုတ်ကောင်းဆားဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀သုံးဆောင်လိုသောအချိန်အသင့်ဖြစ်အောင်ရေခဲသေတ္တာတွင်တခါကြော်စာအထုပ်လေးများထုပ်ကာအခဲခန်းတွင်သိမ်းဆည်းနိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...