1 May 2017

မန်ကျည်းရွက်အချဉ်ဟင်း

ပူအိုက်တဲ့ရာသီမှာရင်အေးစေတဲ့ဟင်းတခွက်ဖြစ်လို့အညာမှာမန်ကျည်းရွက်အချဉ်ဟင်းနဲ့ငရုတ်သီးထောင်းတွဲဖက်လိုက်ရင်ဖြင့်အသားငါးဟင်းမလိုဘဲကိုထမင်းမြိန်လှတဲ့ဟင်းတခွက်ဆိုရင်မှားမယ်မထင်ပါဘူးရှင်...ရိုးရှင်းတဲ့ဟင်းတခွက်ဆိုသော်ငြားလည်းချက်ပုံချက်နည်းအတော်များများကွဲပြားကြတဲ့ထဲကအိမ်ကချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
မန်ကျည်းရွက်နုနု - တစ်ဆယ်သား
ခရမ်းချဉ်သီး(ကိုင်းသီး)- ၃လုံး
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ -၅မြောင်း
အသား/ငါး/ပုဇွန် - လက်တစ်ဆုပ် (အချဉ်ပြေ)
ငရုတ်သီးစိမ်း - ၂တောင့်
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.မန်ကျည်းရွက်နုနုကိုရွေးပြီးရေဆေးသန့်စင်ထားပါ။
2.ခရမ်းချဉ်သီးကြက်သွန်နီဖြူတို့ကိုသေးသေးစိတ်ထားပါ။
3.အချဉ်ပြေထည့်မည့်အသားပုဇွန်တို့ကိုလှီးဖြတ်သန့်စင်ထားပါ။
4.အားလုံးအသင့်ဖြစ်ပါကဟင်းရည်တည်မည့်အိုးတွင်အသားသို့မဟုတ်ပုဇွန်ကြက်သွန်နီကြက်သွန်ဖြူဆားဟင်းခပ်မှုန့်နနွင်းတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးမီးဖိုပေါ်တင်ကာလုံးချက်ထားပါ။
5.လုံးရည်ကုန်ပြီးခရမ်းချဉ်သီးကြေသွားပါကရေနည်းနည်းဆီထည့်ပြီးဟင်းရည်ကျအောင်တည်ထားပါ။
6.ဟင်းရည်ကျပါကမန်ကျည်းရွက်နှင့်ငရုတ်သီးစိမ်းခပ်ကာဆူပွက်အောင်တည်ပါ။
7.အရသာအပေါ့အငံမြည်းပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀မန်ကျည်းရွက်ချဉ်ဟင်းတွင်ကန်ဇွန်းရွက်အနည်းငယ်ရောလိုကရောပေးနိုင်ပါတယ်။
❀ဆီထည့်လိုကတပေါက်နှစ်ပေါက်ထည့်ပေးနိုင်ပါတယ်။ဆိုဖီယာတော့ဆီမထည့်တာပိုနှစ်သက်ပါ တယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...