24 April 2017

ငါးဒုက္ခ

နေရာဒေသအလိုက်မတူကွဲပြားတဲ့အစားအစာလေးတွေကိုရောက်တဲ့အရပ်မှာလေ့လာစူးစမ်းသင်ယူဖြစ်ခဲ့ပါတယ်။ဒီတခေါက်ခရီးသွားရင်းမမကြီးသင်ပြပေးတဲ့အင်းရိုးရာငါးဒုက္ခလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ငါးဒုက္ခကိုကင်စားကြော်စားအချို့လည်းကြော်ပြီးပြန်ချက်တာမျိုးတွေလုပ်စားလေ့ရှိကြပါတယ်။ခုလုပ်ထားတာလေးကတော့ကင်ထားတဲ့ငါးဒုက္ခလုပ်နည်းလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးဖိန်း/တီလားဗီးယား - တစ်ကောင် (၃၀သား)
ကြက်သွန်ဖြူ - ဆယ်မြောင်း
စပါးလင် - တစ်ချောင်း
ကြက်သွန်မိတ် - ၅ပင်
ဖက်ဖယ်ရွက် - လက်တစ်ဆုပ်
ငရုတ်သီးစိမ်း - ဆယ်တောင့်
ခရမ်းချဉ်သီး - တစ်လုံး
ငါးဥ - အနည်းငယ် (ပြုတ်ထားသော)
ဆား - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ဆီ - အနည်းငယ်
နနွင်း - အနည်းငယ်
ချည်ရန်ကြိုး/နှီး
အလူမီနီယံစက္ကူ
အချဉ်ပြုလုပ်ရန်
***********
မန်ကျည်းမှည့် - လက်တဆုပ်
နှမ်းလှော်ထောင်း - တစ်ပန်းကန်
ငရုပ်သီးမှုန့် - ၃ဇွန်း
ဖက်ဖယ်ရွက် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ငါးဖိန်း(သို့)တီလားဘီးယားငါးတစ်ကောင်ကိုကြေးထိုးသန့်စင်ပြီးကျောဘက်မှခွဲကာအညစ်အကြေးများသန့်စင်ကာရေစစ်ထားပါ။
2.ကြက်သွန်ဖြူငရုတ်သီးစိမ်းသေးသေးစိတ်ထားပါ။စပါးလင်ကိုအတွင်းပိုင်းနုနုကိုသာပါးပါး စိတ်ထားပါ။ကြက်သွန်မိတ်ဖက်ဖယ်တို့ကိုလည်းသေးသေးစိတ်ထားပါ။ခရမ်းချဉ်သီးခပ်ကြမ်းကြမ်းစိတ်ထားပါ။
3.ရေစစ်ထားသောငါးကိုဆားနှင့်သံပုရာသီးဖြင့်နယ်ပြီးအရသာဝင်အောင်နှပ်ထားပါ။
4.အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဖြူငရုပ်သီးစပါးလင်တို့ကိုဆီသပ်ပါ။နနွင်းအနည်းငယ်ထည့်ပါ။
5.ဆီသပ်နံ့မွေးလာပါကခရမ်းချဉ်သီးထည့်ပါ။ဖက်ဖယ်ရွက်နှင့်ကြက်သွန်မိတ်တို့ကိုထည့်ပြီးသမအောင်မွေပါ။ဆားအနည်းငယ်ထည့်ပြီးပြုတ်ထား သည့်ငါးဥထည့်ကာအားလုံးသမသွားပါကအစာသွပ်ရန်အသင့်ဖြစ်ပါပြီ။
6.ဆားသံပုရာသီးနယ်ထားသောငါး၏ကျောဖက်မှအသင့်ကြော်ထားသောအစာများကိုထည့်ပြီးနှီးသို့မဟုတ်ကြိုးဖြင့်သေချာစွာချည်ပေးပါ။
7.ကြော်လိုပါကဆီပူတွင်အရောင်ရအောင်ဟိုဘက်ဒီဖက်လှန်ကြော်ပေးပြီးအချဉ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
8.ကင်ရန်အတွက်ဦးစွာအလူမီနီယံစက္ကူကိုဆီလူးပြီးငါးထည့်ထုပ်ကာမိနစ်၂၀မှမိနစ်၃၀ကင်ပေးပါ။ငါးအသားကျက်ပါကအရောင်ရအောင်အလူမီနီယံစက္ကူဖြည်ပြီး၁၀မိနစ်ခန့်ကင်ပေးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
9.အချဉ်ပြုလုပ်ရန်အတွက်မန်ကျည်းမှည့်ကိုရေစိမ်အနှစ်တိုက်ထားပါ။နှမ်းလှော်ပြီးထောင်းထားပါ။ပန်းကန်တခုတွင်မန်ကျည်းမှည့်နှမ်းထောင်းငရုပ်သီးမှုန့်ဖက်ဖယ်ရွက်သေးသေးစိတ်နှင့်ဆားသကြားထည့်ကာသမအောင်မွေပေးပြီးငါးကင်ငါးကြော်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...