6 December 2016

ကိုးရီးယားအသားကင်


Barbecued Beef
အသားကင်ကိုပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့အထဲကလွယ်ကူမြန်ဆန်တဲ့ကိုးရီးယားအသားကင်နည်းလေးမျှဝေပေးလိုက်ပါတယ်။အသားကင်ပြုလုပ်လိုပါအနည်းဆုံးအချိန်၂နာရီခန့်ကြိုတင်ပြီးနှပ်ထားခြင်းဖြင့်အရသာပိုမိုကောင်းမွန်တဲ့အသားကင်ကိုရရှိမှာဖြစ်ပါတယ်။နူးညံ့တဲ့အသားကိုအသုံးပြုထားပြီးအရသာရှိတဲ့အသားကင်ကိုလူကြီးခလေးအားလုံးနှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။အမဲသားအစားမိမိနှစ်သက်ရာအသားနုနုကိုအစားထိုးပြီးပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲသား(မိုးခိုသား) - ၃၀၀ ဂရမ်
နှမ်းလှော် - ၃ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - ၃ဇွန်း
ကြက်သွန်ဖြူ - နှစ်မြောင်း
ကြက်သွန်မိတ်အရင်းပိုင်း - ၃ချောင်း
နှမ်းဆီမွေး - နှစ်ဇွန်း
ဆီ - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.အမဲသားမိုးခိုသားကိုအကြောများသန့်ရှင်းပြီးရေခဲသေတ္တာတွင်မိနစ်၃၀ခန့်ထားပါ။(လှီးရလွယ်ကူစေရန်)
2.နှမ်းကိုလှော်ပြီးထောင်းထားပါ။ကြက်သွန်ဖြူထောင်းထားပါ။ကြက်သွန်မိတ်အရင်းပိုင်းကိုနုတ်နုတ်စင်းထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအသားမြောင်းကိုယူပြီးမထူမပါးအနေအထားလှီးဖြတ်ပါ။
4.လှီးဖြတ်ပြီးသောအသားကိုပန်းကန်တခုတွင်ထည့်ပါ။ပြီးလျှင်ပဲငံပြာရည်၊နှမ်းဆီမွေး၊နှမ်းထောင်း၊ကြက်သွန်ဖြူ၊ကြက်သွန်မိတ်လှီးထားသည်တို့ကိုထည့်ပြီးသမအောင်မွေပေးကာရေခဲသေတ္တာတွင်၂နာရီခန့်အရသာဝင်အောင်နှပ်ထားပေးပါ။
5.တည်ခင်းခါနီးအချိန်မှသာအသားကင်ရန်ပြင်ဆင်ပါ။အသားကင်ရန်လျှပ်စစ်အိုးသို့မဟုတ်သံအောက်ခြေထူအိုးကိုအပူပေးပြီးဆီလူထားပါ။
6.အိုးပူလာပါကအသားကင်ရန်အသင့်ဖြစ်ပါပြီ။ရေခဲသေတ္တာတွင်နှပ်ထားသောအသားကိုတချပ်ဆီယူပြီးအိုးအပူပေါ်တွင်တဖက်ကိုတမိနစ်ခန့်ကင်ပြီးပန်းကန်တွင်ထဲ့ပါ။ပြီးလျှင်အိုးကိုဆီအနည်းငယ်လူးပေးပြီးကုန်သည်ထိဆက်ကင်သွားပါ။
7.အားလုံးပြီးလျှင်အပေါ်မှနှမ်းအနည်းငယ်ဖြူးပေးကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အသားကင်ကိုအကျက်လွန်အောင်မကင်ရပါ။အကျက်လွန်ပါကခြောက်သွေ့ပြီးအသား၏အချိုအရသာများမကျန်ဖြစ်ပြီးနူးညံ့မှုမရှိဘဲသားရေကဲ့သို့ဖြစ်နေတတ်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...