26 October 2016

မာလာငါးဟင်း

 တရုတ်အစားအစာတမျိုးဖြစ်တဲ့မာလာငါးဟင်းကိုမြန်မာပြည်နေရာဒေသအတော်များများမှာနှစ်ခြိုက်စွာစားသုံးကြပါတယ်။အလွယ်တကူချက်ပြုတ်နိုင်တဲ့ဟင်းချက်အနှစ်များအသုံးပြုနိုင်သလိုကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နိုင်ဖို့လည်းဟင်းအနှစ်ချက်နည်းကိုအတူမျှဝေပေးထားပါတယ်။မိသားစုအတွက်ဖြစ်စေသူငယ်ချင်းများစုပေါင်းပြီးဖြစ်စေပျော်ပျော်ပါးပါးချက်စားနိုင်ဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
ငါး - တစ်ကောင် (၅၀၀ ဂရမ်)
နှစ်သက်ရာအသီးအနှံ - တစ်ပန်းကန်
မြေပဲဆန်ကြော် - ၂ဇွန်း
ကြက်သွန်မိတ် - ၂ပင်
နံနံပင် - အနည်းငယ်
ဟင်းစပ်ပစ္စည်း
***********
မာလာဟင်းအနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ကြက်သွန်ဖြူ ဆီချက် - တစ်ဇွန်း စားပွဲဇွန်း
နှမ်းဆီချက် - တစ်ဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
သကြား - တစ်ဇွန်း
ကြက်သားမှုန့် - တစ်ဇွန်း
ကြက်ပြုတ်ရည် အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာနှစ်သက်ရာငါးကိုကြေးထိုးသန့်စင်ပြီးဆားဟင်းခပ်မှုန့်အနည်းငယ်ဖြင့်လူးပြီးပေါင်းထားသို့မဟုတ်ကြော်ထားပါ။
2.သီးနှံထည့်လိုပါကပြင်ဆင်လှီးဖြတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဟင်းစပ်ပစ္စည်းများအားလုံးကိုအိုးတခုတွင်ထည့်ပြီးမီးဖိုတွင်အပူပေးပါ။
4.သီးနှံတို့ကိုသီးသန့်ရေနွေးဖျောကာအသင့်တည်ထားသောဟင်းစပ်ပစ္စည်းထဲသို့ပြောင်းထည့်ကာဆူပွက်အောင်တည်ပါ။5.ဆူပွက်ပါကအရသာအပေါ့အငံမြည်းကာအသင့်ပေါင်းထားကြော်ထားသောငါးပေါ်တွင်ဆမ်းပေးကာကြက်သွန်မိတ်နံနံပင်မြေပဲဆန်ကြော်ဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ပေါင်းထားသောငါးကိုပြုလုပ်လိုပါကပေါင်းထားစဉ်ထွက်လာသောငါးပေါင်းရည်များကိုဖယ်ထုတ်ပြီးမှသာမာလာဆော့စ်ကိုဆမ်းပေးပါ။
❀ကြော်ပြီးပြုလုပ်လိုပါကငါးကိုကော်မှုန့်လူးပြီးနီရောင်သမ်းအောင်ကြော်ထားပါ။
❀မာလာငါးဟင်းတွင်အသီးအနှံထည့်လိုကနှစ်သက်ရာအသီးအနှံကိုအသုံးပြုပါ။
မာလာဟင်းအနှစ်ပြုလုပ်နည်း
*********************
ဟင်းအနှစ်ကိုအတော်များများတော့အသင့်ချက်ပြီးသားတွေသုံးပါတယ်။ဆိုဖီယာချက်နည်းကတော့ဟင်းအနှစ်သီးသန့်ချက်မထည့်ဘဲပါဝင်ပစ္စည်းအားလုံးတခါတည်းထည့်ချက်ပါတယ်။ဟင်းအနှစ်သီးသန့်ချက်ထားပြီးလွယ်ကူမြန်ဆန်စွာချက်စားနိုင်ဖို့နဲ့အချို့လွယ်ကူစွာမရနိုင်သောသူများကိုယ်တိုင်သန့်ရှင်းလပ်ဆပ်စွာချက်စားနိုင်ဖို့မာလာဟင်းအနှစ်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ငါးပွဲစာ)
********
ကြက်သွန်နီ - တစ်လုံး အနေတော်
ကြက်သွန်ဖြူ  - နှစ်ဥ
ငရုပ်သီးအလှော်မုန့် - နှစ်ဇွန်း စားပွဲဇွန်း
ဟွားကျောက်မှုန့် - တစ်ဇွန်း
#Sichuanpepper
ရှောက်ကောမှုန့် - တစ်ဇွန်း
#Blackcardamom
နှမ်းထောင်း - ၃ဇွန်း
ငရုပ်ချဉ်(ချဉ်စပ်ငရုပ်) - သုံးဇွန်း
ပဲငပိအစပ် - ၅ဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
ဆီ - ၅ကျပ်သား
ုပြင်ဆင်ပြုလုပ်နည်း
*************
1.ကြက်သွန်နီကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
2.အိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကကြက်သွန်နီကြော်ပါ။အရောင်အနည်းငယ်ရပါကကြက်သွန်ဖြူထည့်ကြော်ပါ။
3.ကြက်သွန်များရွှေဝါရောင်သမ်းပါကနှမ်းထောင်း၊ဟွားကျောက်၊ရှောက်ကော၊ငရုပ်သီးမှုန့်တို့ကိုထည့်ပါ။မီးလျော့ထားပါ။
4.ဆီသပ်နံ့မွေးလာပါကချဉ်စပ်ငရုပ်နှင့်ပဲငပိဟင်းခပ်မှုန့်တို့ကိုထည့်ပြီးအနည်းငယ်ခြောက်အောင်ချက်ပေးပါ။အေးသွားပါကပုလင်းသန့်သန့်တွင်ထည့်ပြီးသိမ်းဆည်းထားပါ။
***မာလာဟင်းချက်သောအခါတပွဲစာကိုနှစ်ဇွန်းသို့မဟုတ်လိုအပ်သလိုထည့်ပြီးချက်နိုင်ပါတယ်။
.....................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...