30 May 2015

ရှမ်းထမင်းချဉ် == ထမင်းဝါ


ရှမ်းထမင်းချဉ်ကို ရှမ်းပြည်တောင်ပိုင်း၊မြောက်ပိုင်းဒေသအလိုက် လုပ်နည်းလေးတွေကွဲကြသလိုရှမ်းထမင်းဝါ လို့လည်းခေါ်ကြပါတယ် ။
ခုလုပ်ထားတာရှမ်းပြည်မြောက်ပိုင်းက ရှမ်းထမင်းချဉ်ပုံစံလေးပါ ။ သားရေစာအဖြစ်စားလို့ရသလိုထမင်းအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီးသတ်သတ်လွတ်လေးဖြစ်သလိုအရသာရှိတဲ့ရှမ်းရိုးရာအစားစာလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ထမင်းချဉ်ချက်ရန်အတွက်ပါဝင်ပစ္စည်း
***************************
ရှမ်းဆန် (ယာဆန်) - နို့ဆီဘူး ၃ဘူး
ခရမ်းချဉ်သီး - ၃လုံး အစေ့ထုတ်
ဆား - ၁ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သားမှုန့် သို့ ဟင်းခတ်မှုန့် - ၁ဇွန်း
နနွင်းမှုန့် - ၂ ဇွန်း ( လ္ဘက်ဇွန်း)
တွဲဖက်စားရန် လိုအပ်သောပစ္စည်း
******************
ကြက်သွန်ဖြူဆီချက်
ရှမ်းပဲပုတ် ခရမ်းချဉ်သီးချက်
ငရုပ်သီးခြောက်ကြော်
ကြက်သွန်ဖြူ သေးသေး
ဂျူးမြစ်
နံနံပင်
သားရေပွကြော် (နှစ်သက်က) သို့ ဆန်လုံးစီကြော်
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁)ဦးစွာပထမရှမ်းထမင်းချဉ် အရင်ချက်ပါ့မယ်။ ရှမ်းဆန်ယာဆန်ကအကောင်းဆုံးပါ။မရှိလျှင်ဆူရှီဆန်ကိုအစားထိုးနိုင်ပါတယ်။ဆန်ဆေးပြီးလိုအပ်သောရေပမာဏထည့်ပါ။ပေါင်းအိုးမှအညွှန်းတိုင်းထည့်နိုင်ပါတယ်။
(၂)ပြီးလျှင်ထမင်းချက်ရန်ပါဝင်ပစ္စည်းများဖြစ်သောခရမ်းချဉ်သီး၊ ဆား၊နနွင်း ၊ ကြက်သားမှုန့်တို့ကိုထည့်ပါ။ယာဆန်ဖြင့်ချက်၍အာလူးလည်းထည့်ရန်မလိုပါ။ဆန်မစီး၍သာအာလူးအကူယူကြခြင်းသာဖြစ်ပါတယ်။
(၃)အားလုံးထည့်ပြီးပါက၁၅မိနစ်ခန့်ထားပြီးမှခလုတ်နှိပ်၍သာမန် ထမင်းချက်သည့်အတိုင်းချက်ထားပါ။ (၄)ထမင်းချက်ထားစဉ်ကြက်သွန်ဖြူဆီချက်၊ပဲပုတ်ချက်တို့ကိုပြင်ဆင်ချက်ထားပါ။ (၅)ထမင်းအိုးခလုတ်ပြုတ်ပြီးကျက်ပါကခေတ္တအအေးခံထားကာယောက်မဖြင့်ထိုးမွေပေးပါ။လက်ဖြင့်ကိုင်၍ရသောအနေထားထိအေးပါက လက်အိတ်စွပ်ပြီး ကြက်သွန်ဖြူဆီချက်မှဆီကိုအသာစစ်ယူပြီးလက်ကိုလူး၍ဂျုံနှယ်သကဲ့သို့ထိုးချေပေးပါ။ရှမ်းပြည်မှာတော့မောင်းထည်းထည့်ထောင်းပါတယ်။
(၆)စီးထွေးလာပါကမိမိနှစ်သက်ရာအရွယ်လုံးပြီးအပြားခတ်ပေးပါ။(ရောင်းတမ်းသည်ထပ်တရာအပြားခန်ု့ပါးပါတယ်။မောင်းဖြင့်ထောင်းပြီးလိမ့်တုံးဖြင့်အပြားခတ်ထားခြင်းဖြစ်၍ကပ်ကြေးဖြင့်ကိုက်၍ပွဲပြင်ပေးကြပါတယ်)နှီးကွင်းကိုအသုံးပြုပြီးလည်းအပြားခတ်ကြပါတယ်။
(၇)နှစ်သက်ရာအရွယ်လုံးပြီး  ဆီသုတ်ထားသောနှီးကွင်းသို့မဟုတ်ဘူးအဖုံးတွင်ဖိသိပ်ပြီးအဝိုင်းပုံစံလုပ်ပြီးစီထပ်ထားပါ။ရှမ်းထမင်းချဉ်သည်စီးထွေးပြီးမာကျစ်ကျစ်ထုတ်ထုတ်ကလေးဖြစ်နေရပါမယ်။
(၈)အားလုံးပြုလုပ်ပြီးစီးပါကပုံတွင်ပြထားသည့်အတိုင်း၊ ကြက်သွန်ဖြူဆီချက်၊ ပဲပုတ်ချက်၊ဂျူးမြစ်၊ငရုပ်သီးကြော်၊ဆန်လုံးစီသို့မဟုတ်သားရေပွကြော်တို့ဖြင့်ပြင်ဆင်ပြီးတွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...