30 May 2015

ဒန်​​ပေါက်


ဆန်တပြည် တပြည်
ကြက်သွန်နီ ၃၀သား (ကြက်သွန်ကြော်ပြီးသားခြေထားသောထမင်းစားပန်းကန်လုံးတစ်လုံး)
ဆား  ၁ဇွန်း (ဟင်းစားဇွန်း)
ဒန်ပေါက်မဆလာတဇွန်း
သကြား ၂ဇွန်း
အချိုမှုန့် ဇွန်းတဝက်
ဆီ ၅ကျပ်သား
ထောပတ် ၅ကျပ်သား
သီဟိုဠ်စေ့ တဆယ်သား
စပျစ်ခြောက် ၅ကျပ်သား
ပဲစိမ်းလုံး တဆယ်သား
ကာလာ အစိမ်းရောင်
ကာလာ လိမ္မော်ရောင်
ဆန်ပြုတ်ရန်***
ကရဝေးရွက် ၅ရွက်
သစ်ဂျပိုးခေါက် ၂ချောင်း
ဆား တဇွန်း
ဒန်ပေါက်ချက်နည်းတယောက်နဲ့တယောက်မတူပါဘူး ကိုယ်ကတော့ဒန်ပေါက်ကို ဆီများများအနှစ်များများနဲ့စားရတာမကြိုက်ပါဘူး
ခု ချက်ထားတာကတော့ ကိုယ့်အကြိုက်ချက်ထားတာပါ ကြက်သားနဲ့ ထမင်းကို ခွဲချက်ပါတယ်
ကြက်သားကို အရင် ဆုံး လိုသလို ခုတ်ထစ်ပြီး ဆား ဆနွင်း အရောင်တင် ကြက်သွန်ကြော် ဒိန်ချဉ် ဂျင်းကြက်သွန်ဖြူ ဆီ မဆလာတို့ဖြင့်နှယ်ပြီး နှပ်ထားပါတယ် ကြက်ကို အနှစ်အနည်းငယ်နဲ့ကြက်သားနှပ်ပုံစံချက်ထားပါတယ်
ဒန်ပေါက်အတွက်မဆလာကို ကိုယ့်ဘာသာ စပ်ပါတယ် ဇီယာ၅ကျပ်သားကို ဖာလာ စေ့ ရှစ်စေ့ထည့်ပြီး ကြိတ် ထားပါ ကြက်သွန်နီကြော်ကို အရင် ကြေအောင် ခြေပါ ခြေပြီးပါက ပန်းကန်လုံးတလုံးဖြင့် ချိန်ပြီး ဇလုံ တခု တွင် ထည့် ကာ ဆား ၁ဇွန်း သကြား၂ဇွန်း အချိုမှုန့် ဇွန်းတဝက် ကြိတ်ထားသော မဆလာ ၁ဇွန်းမောက်မောက်ထည့် ကာရောမွေထားပါ
ဆန်ကို နာရီဝက်ခန့် ရေစိမ် ထားပါ
ရေ နွေးအိုးတည်ကာ ပွက်ပါက ကရဝေးရွက်နှင့်သစ်ဂျပိုးခေါက်ထည့်ပါ ဆား၁ဇွန်းထည့်ကာ စိမ်ထားသော ဆန်ကိုရေစစ်ပြီးထည့်ပြုတ်ပါ တဝက်ကျက်အနေထားရပါက ဇကာတွင်ရေစစ်ထားပါ ပြီးလျှင်အဖုံးလုံသည့်အိုးတခုတွင် ဆန်ကို သုံးပုံတပုံ ခန့်ထည့်ပါ အရသာရောစပ်ပြီးသားကြက်သွန်တဝက်ကို ဆန်ပေါ်တွင်ဖြန့်ခင်းပါ အပေါ်မှာ ဆန် တပုံ ထပ်ခင်းပါ ကျန်ကြက်သွန်ကြော်တဝက်ကို ခင်းထည့်ပါ ပြီးလျှင် လက်ကျန် ဆန်များကို ခင်းထည့်ပြီးလျှင် သီဟိုဠ်စေ့ စပျစ်ခြောက် ပဲစိမ်းတို့ကို ထည့်ပါ ထောင့်တနေရာတွင် ကာလာနှစ်ရောင်ကိုနေရာခြားပြီး ရေဖျော်ပြီး ထည့်ပါ ပြီးလျှင် အဖုံးလုံလုံ ဖြင့် ဖုံးပြီး အောက်မီးများများဖြင့် ခဏတည်ကာ အပူ ပေးပါ အငွေ့ ထွက်ပါက အောက်မီးလျော့ချကာ အပေါ်မီးအောက်မီးနည်းနည်းဖြင့်နှပ်ပေးပါ အငွေ့ ကောင်းကောင်းထွက်လာပါက ထမင်းနှပ်ပါပြီ
နှပ်ပြီးသားထမင်းကို မီးဖိုပေါ်မှချကာ (နှပ်ထားသောအိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါကအိုးချိန်းရန်မလို ) အိုကြီးကြီးသို့မဟုတ် ဘမ်းကြီးကြီးတခုတွင်သွန်ချပြီး ဆီနှင့် ထောပတ်ထည့်ကာ ဖြေးဖြေးချင်းဆန်လုံးမပျက်အောင်သာသာရောမွေပေးပါ ထမင်းကြက်သွန် အရသာ ကာလာ အားလုံးကိုယောက်မဖြင့်သာသာရောမွေပြီး အိုးတွင်ပြန်ထည့်ပြီး ဖုံးအုပ်ထားပါ ပြီးလျှင်နှပ်ထားသောကြက်သားဖြင့်ပွဲပြင်ပြီး သခွားသီးချဉ် ပူစီနံ ဘာလချောင် တို့ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...