6 June 2015

ကြာဇံချက်

လူတိုင်းသိပြီးသားလည်းဖြစ်ကိုယ့်အကြိုက်ဆုံးထဲကတခုလည်းဖြစ်တဲ့ကြာဇံချက်ပါရိုးရိုးဘဲချက်ထားတာမို့တယောက်နဲ့တယောက်ချက်ပုံချင်း သိပ်ကွာမှာတော့မဟုတ်လောက်ဘူးထင်ပါတယ်။
ပါဝင်ပစ္စည်း
******
ပဲကြာဇံ - တစ်ထုပ်
ပဲပြားခြောက် - တစ်ထုပ်
မှိုခြောက် - တစ်ထုပ်
ပန်းခြောက် - လက်တဆုပ်
ကြက်သား - တစ်စိတ်
ကြက်သွန်နီသေးသေး -ဆယ်လုံး သို့ အကြီး ၃ လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း ဟင်းစားဇွန်း
ပုဇွန်ခြောက် - လက်တစ်ဆုပ်
အရောင်တင်မှုန့် - တစ်ဇွန်း
ဟင်းခပ်မှုန့် သို့ ကြက်သားတုံး - နှစ်ဇွန်း
ဆား - လိုသလောက်
ငံပြာရည် - လိုသလောက်
ဆီ - ဆီသပ်ရန်
တွဲဖက်စားသုံးရန်
*********
ကြက်ဥပြုတ် သို့ ငုံးဥပြုတ်
နံနံပင်
သံပုရာသီး
ငရုပ်သီးမှုန့်
ပြင်ဆင်ချက်ပြုတ်နည်း
************
ဦးစွာပဲကြာဇံနှင့်မှိုခြောက်ပန်းခြောက်တို့ကိုရေစိမ်ထားပါ။ကြက်သားကိုရေဆေးပြီးဆားနှင့်ဟင်ခပ်မှုန့်တို့ဖြင့်နှယ်ပြီးပြုတ်ထားပါ။ကြက်သားနူးပါကဆယ်ယူပြီးအအေးခံကာအမျှင်များပြုလုပ်ထားပါ။ကြက်သွန်နီကို အတုံးခပ်ကြီးကြီးတုံးထားပါ။ပြီးလျှင်အိုးတခုကိုအပူပေးပြီးဆီထည့်ကာပဲပြားခြောက်ကိုကြော်ပါ။အရောင်ရပါကဆယ်ယူဆီစစ်ထားပါ။ပြီးလျှင်ပိုနေသောဆီကိုသွန်ထုတ်ပြီးအနည်းငယ်ချန်ကာကြက်သွန်ကိုဆီသပ်ပါ။အနည်းငယ်အရောင်ရပါကဂျင်း
ကြက်သွန်ဖြူထည့်ပါ။အရောင်တင်မှုန့်ထည့်ပါ။ပုဇွန်ခြောက်ရေဆေးပြီးထည့်ပါ။ဆီသပ်နံ့မွေးလာပါကကြက်သားပြုတ်ထားသောပြုတ်ရည်ကိုထည့်ပါ။လိုသလောက်အပျစ်အကျဲအတွက် ရေကိုချိန်ဆထည့်ပါအရသာဖြည့်စွက်ပါ။ငံပြာရည်၊ဟင်းခပ်မှုန့်၊ဆားတို့ထည့်ပြီးရေစိမ်ထားသောမှိုခြောက်ကိုခပ်သေးသေးလှီးဖြတ်ထည့်ပါ။ကြက်သားမျှင်ထားသည်ကိုထည့်ပါ။ပန်းခြောက်နှင့်ကြော်ထားသောပဲပြားခြောက်ကိုအနေတော်လောက်ဖဲ့ထည့်ပြီးဆူပွက်အောင်တည်ပါ။ဆူပွက်လာပါပဲကြာဇံကိုကပ်ကြေးဖြင့်ဖြတ်ပြီးထည့်ပါ။အရသာအပေါ့ငန်မြည်းပြီးမီးအေးအေးဖြင့်ဆယ်မိနစ်ခန့်ထားကာဟင်းရည်ကျပါကပန်းကန်တွင်ထည့်ပြီးနှစ်သက်ရာကြက်ဥ၊ငုံးဥပြုတ်၊နံနံပင်၊သံပုရာသီးငရုပ်သီးမှုန့်တို့ဖြင့်ချဉ်ငံစပ်ပြင်ကာဟင်းတခွက်အဖြစ်သော်၎င်း၊သားရေစာအဖြစ်သော်၎င်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...